မြန်မာအမျိုးသမီးများ Seafarer အဖြစ် တရားဝင်​လုပ်ကိုင်နိုင်ရေး မှတ်ပုံတင် ထုတ်ပေးရန်​ စီစဉ်

0
121

ဇန်​နဝါရီ ၂၁
ဝေဝေဖြိုး

နိုင်ငံခြားခရီးသွားသင်္ဘောများတွင် မြန်မာအမျိုးသမီးများ Seafarer အဖြစ် တရားဝင်သွားရောက် လုပ်ကိုင်နိုင်ရေးအတွက်​ သင်္ဘောသားမှတ်ပုံတင် ထုတ်ပေးရန်​ စီစဉ်​ဆောင်​ရွက်​လျက်​ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်အုန်း က ပြောသည်။

“နိုင်ငံခြားခရီးသွားသင်္ဘောတွေ လုပ်ကိုင်ဖို့အတွက် အရင်ဆုံးရည်ရွယ်တယ်။ ကျန်တာတွေ မစဉ်းစားသေးဘူး။ ဒါနဲ့ပတ်သက်ပြီး ပိုင်လော့ပရောဂျက် အခုလုပ်ဖို့အတွက် တိုက်တွန်းလိုက်တာဖြစ်တယ်။ ပြီးခဲ့တဲ့ နဝမကြိမ်မြောက် ပြည်သူလွှတ်တော်မှာလည်း ဒါနဲ့ပတ်သက်ပြီး တင်ပြတဲ့အခါမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အချိန်ယူပြီး တဖြည်းဖြည်းနဲ့ ဆောင် ရွက်သွားမယ်လို့ ပြန်လည်ဖြေထားတယ်။ ဘယ်တော့စမယ်ဆိုတာ မသိသေးဘူး။”ဟု ၎င်းကပြောသည်​။

နိုင်ငံခြားခရီးသွားသင်္ဘောများတွင် မြန်မာအမျိုးသမီးများ Seafarer အဖြစ် တရားဝင်သွားရောက်လုပ်ကိုင်နိုင်ရန် သင်္ဘောသားမှတ်ပုံတင် ထုတ်ပေးခြင်းကို ပိုင်းလော့ ပရောဂျက်အနေဖြင့် စမ်းသပ်ဆောင်ရွက်သင့် ကြောင်း၎င်းကဆိုသည်​။

ပြည်ပသင်္ဘောလိုင်းများမှ အမျိုးသားသင်္ဘောသား များအပြင် အမျိုးသမီးသင်္ဘောသားများကိုလည်း ခေါ်ယူနေခြင်းကြောင့် အဓိကအားဖြင့် နိုင်ငံခြားခရီးသည်တင်သင်္ဘော များကိုသာ ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်​။

“ကုန်တင်သင်္ဘောတွေကို အန်ကယ်တို့က သိပ်​မရည်ရွယ်သေးဘူး။ အဲ့ဒါ အန်ကယ်တို့ နိုင်ငံမှာ မဖွံ့ဖြိုးသေးဘူး ။ ကုန်တင်သင်္ဘော အတွက်ကို လုပ်မယ်လို့ ရည်ရွယ်ရင်လည်း အရင်ဆုံး ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ပြည်တွင်းမှာ အလေ့အကျင့်များအောင်၊ အတွေ့အကြုံများအောင် ဒါတွေကို လေ့ကျင့်ပြီးတော့မှ သွားမှာဖြစ်တယ်။ Seaman book နဲ့ Seaman Passport ထုတ်ပေးဖို့ကိုတော့ အခုလက်ရှိ လုပ်ကိုင်နေတဲ့ သူတွေကို အရင်ဆုံးထုတ်ပေးဖို့ တောင်းဆိုထားတယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာတာ ဝန်ရှိသူတွေနဲ့ ဆွေးနွေးတဲ့အခါ ကန့်ကွက်သူ မရှိသလောက်ပါပဲ။” ဟု ဦးမောင်မောင်အုန်းက ပြောသည်။

အမျိုးသမီး Seafarer များအတွက် Seaman Book၊ Seaman Passport ပြုလုပ်နှင့် ပတ်သက်၍လည်း လူမှုကွန်ယက်စာမျက်နှာတွင် ဝေဖန်မှုများရှိနေပြီး အမျိုးသမီးသင်္ဘောသားများနှင့် ပတ်သက်ပြီး အန္တရာယ်မရှိအောင် ဥပဒေများဖြင့် ထိရောက်စွာ ကာကွယ်ဆောင်ရွက် သွားမည်ဖြစ်သလို နိုင်ငံတကာနှင့် လည်း ချိတ်ဆက်ဆောင်ရွက်သွား မည်ဖြစ်​သည်​။

အမျိုးသမီး Seafarer များအတွက် Seaman Book၊ Seaman Passport ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ၆ လ တစ်ကြိမ် လုပ်ငန်းတစ်ခုချင်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်​သည်​။

အမျိုးသမီး Seafarer များ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ အမိန့်ကြော်​ငြာစာများ၊ ညွှန်ကြားချက်များ ထုတ်ပြန်ရန်အတွက် ပြည်ပနိုင်ငံများ၏ ဥပဒေများ အပေါ် မှီငြမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိပြဋ္ဌာန်းထားသော သင်္ဘောလုပ်သားဥပဒေကို ပြန်လည်ပြင်ဆင်လိုပါက ယင်းဥပဒေအတွင်း ဖြည့်စွက်ပြဌာန်းနိုင်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်မှလည်း အမျိုးသမီး သင်္ဘောသားများကို တရားဝင်ခေါ်ယူရန် မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကမ်းလှမ်းထားမှုများရှိကြောင်းသိရသည်။

အမျိုးသမီး Seafarer များကို အရှေ့တောင်အာရှ နိုင်ငံများဖြစ်သော ဖိလစ်ပိုင်နိုင်ငံတွင် အဓိကခေါ်ယူလျက်ရှိပြီး အိန္ဒိယနိုင်ငံတွင် နိုင်ငံခြားခရီးသည်တင် သင်္ဘောများသာမက နိုင်ငံခြားကုန်သင်္ဘောများ အတွက်လည်း ခေါ်ယူလျက်​ရှိကြောင်းသိရသည်​။

Leave a Reply