တွံတေးမြို့အ၀င်တွင် တွံတေးသိန်းတန် ပုံတူ ရုပ်ထုထားရှိဂုဏ်ပြုမည်

0
337
ဓာတ်ပုံ – အင်တာနက်
ရန်ကုန် ၊ ဇန်န၀ါရီ ၉ ၊၂၀၁၈
 
တွံတေးမြို့အ၀င်ရှိ ရွှေဆံတော်ဘုရားအရှေ့ဘက်မုဒ်အနီးတွင် တွံတေးမြို့ဂုဏ်ဆောင် မြန်မာသံအဆိုတော်ကြီး တွံတေးသိန်းတန်၏ ပုံတူကြေးရုပ်ထုကို ယခုနှစ် နှစ်ဆန်းပိုင်းတွင် ထားရှိ ဂုဏ်ပြုမည် ဖြစ်ကြောင်း တွံတေးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်ကပြောသည်။
 
“ဒလဘက်ကနေတွံတေးမြို့သို့လာတဲ့ မြို့ရှောင်လမ်းပေါ်မှာရှိတဲ့ ရွှေဆံတော်ဘုရားကြီးရဲ့ အရှေ့ဘက်မုဒ်နားမှာရှိတဲ့ သစ်ပင်ရိပ်လေးမှာ ထားမှာပါ”ဟု ဦးမြင့်လွင်ပြောသည်။
 
အဆိုပါကြေးရုပ်ထုကို တွံတေးသိန်းတန်၏မိသားစုဝင်များက ကုန်ကျစရိတ်ခံကာ သွန်းလောင်းပြီးဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောသည်။
 
ယခင်အစိုးရလက်ထက်က ကြေးရုပ်ထုထားရှိရန်အတွက် တွံတေးသိန်းတန်၏ မိသားစုများက ကြိုးပမ်းခဲ့ပြီး အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းနှင့် ခွင့်ပြုချက်မရရှိခဲ့ခြင်းတို့ကြောင့် အဆိုပါကိစ္စမှာ အကောင်အထည်မပေါ်ခဲ့ကြောင်း ဦးမြင့်လွင်ကပြောသည်။
 
ဂုဏ်ပြုကြေးရုပ်ထုထားရှိရန်အတွက် ဇန်န၀ါရီ ၈ရက်နေ့က တွံတေး သိန်းတန်၏ မိသားစုဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့ဝင်များ၊ အနုပညာ ကြိုက်နှစ်သက်သူများက အစည်းအဝေးပြုလုပ်ကာဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
 
နိုင်ငံကျော်အဆိုတော်တစ်ဦးဖြစ်ခဲ့သူ တွံတေးသိန်းတန်သည် တစ်ခေတ် တစ်ခါက အောင်မြင်ကျော်ကြားခဲ့သည့် ရုပ်ရှင်များတွင်ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ပြီး နာမည်ကျော် တေးသီချင်းပေါင်းများစွာဖြင့်လည်း သီဆိုအောင်မြင်ခဲ့ကာ ၁၉၉၉ခုနှစ်တွင်ကွယ်လွန်ခဲ့သည်။
 
ကိုဥာဏ်
 
Leave a Reply