မူဆယ်-တရုတ် နယ်စပ်မှ ဆန်​တင်​ပို့မှု ယခင်​ထက်​ ထက်​ဝက်​ကျော်​ လျော့ကျ

0
112

ဇန်​နဝါရီ ၂၂
ဝေဝေဖြိုး

မြန်မာ့ဆန်လုံးရှည်ကို အီးယူမှ အခွန် ပြန်လည်ကောက်ယူ ခြင်းနှင့် မူဆယ်-တရုတ် နယ်စပ်မှ ဆန်အ၀ယ်နည်း နေခြင်းတို့ကြောင့် ဆန်​တင်​ပို့မှုမှာ ယခင်​ထက်​ ထက်​ဝက်​ကျော်​ခန့်​ လျော့ကျလျက်​ရှိကြောင်း မူဆယ်​ဆန်​ကုန်​သည်​များထံမှသိရသည်​။

တရုတ်​-မြန်​မာ နယ်​စပ်​တွင်​ တရုတ်​ဘက်​က မှောင်​ခိုတိုက်​ဖျက်​ရေးကို စစ်​ဆင်​ရေးတစ်​ခုအနေဖြင့်​ အဖမ်းအဆီး များ ပြုလုပ်​နေခြင်းကြောင့်​ ဆန်​ဝယ်ယူမှု နည်းပါးလျက်​​ရှိသည်​။

” ဒီမှာရှိတဲ့ ကုန်​သည်​တွေကလဲ ရောက်​နေတဲ့ ဆန်​တွေကို ဈေးလျော့ရောင်းတယ်​လို့တော့မဟုတ်​ပါဘူး ။တရုတ်​​ဈေးဆစ်​တဲ့အတိုင်း ရောင်းနေရတာပေါ့။ အဲ့အတွက်​တော့အများကြီးထိခိုက်​တာပေါ့။ ကျန်​ရှိနေတဲ့ ဆန်​တွေကိုတော့ ဈေးလျော့ ပြီး ညှိပြီးရောင်းနေရတာ ပါပဲ။”ဟု မူဆယ်​ဆန်​ကုန်​သည်​ ဦးမင်းသိန်းကပြောသည်​။

ကုန်​စည်​စီးဆင်းမှုအနေဖြင့်​ ယခင်​က တရုတ်​ဘက်​သို့တစ်​ရက်​လျှင်​ ဆန်​အိတ်​ရေ ခြောက်​သောင်း ၊ခုနှစ်​သောင်းခန့်​ နေ့စဉ်​ သွားရောက်​လျက်​ရှိပြီး ယခုအခါတစ်​ရက်​လျှင်​ ဆန်​အိတ်​ရေ နှစ်​သောင်း ၊ သုံးသောင်းခန့်​သာ သွားရောက်​နိုင်​သည်​ဟုဆိုသည်​။

ပြီးခဲ့သည့်​ စက်​တင်​ဘာလရှိ ဆန်​ဈေးနှင့်​ နှိုင်းယှဉ်​ပါက လက်​ရှိတွင်​ ဆန်​တစ်​အိတ်​ကို ၄၅၀၀ ကျပ်​ခန့်​ ဈေးလျော့ရောင်းချနေရသည်​ဟုဆိုသည်​။

“အဲ့တော့ အများကြီးနစ်​နာတယ်​။ အစိုးရကလဲ ညှိနှိုင်းပြီး ဘာမှမလုပ်​ပေးနိုင်​ဘူး။ တရုတ်​က သူ့ရဲ့ ပေါ်လစီအတိုင်း သူတို့က ဒါကိုမှောင်​ခိုပစ္စည်းလို့သတ်​မှတ်​ထားတယ်​ မှောင်​ခိုတိုက်​ဖျက်​ရေးကို စစ်​ဆင်​ရေးတစ်​ခုအနေနဲ့လုပ်​နေတော့ သူတို့က ဒီလိုပဲ ဆက်​ဖမ်းနေဦးမှာပဲ အဲ့တော့ တို့ကလဲ ရတဲ့နည်းလမ်းအမျိုးမျိုးနဲ့ သွားနေရတာဆိုတော့ ဈေးကွက်​အသစ်​ရှာဖို့က
ဒီလမ်းကြောင်းပဲရှိတယ်​ ဒီတရုတ်​လမ်းမှာ ဈေးကွက်​အသစ်​ချဲ့ဖို့ဆိုတာတော့ သိပ်​မမြင်​သေးပါဘူး။”ဟု ၎င်းကပြောသည်​။

တရုတ်​နိုင်​ငံ၏ ပေါ်လစီအရ မူဆယ်-တရုတ် နယ်စပ်တွင်​ ၂၀၁၈ ခုနှစ်​ စက်​တင်​လာလမှ စတင်​၍ ဆန်​ ၊သကြား ၊ပြောင်းနှင့်​ ဒီဇယ်​ဆီ တင်​ပို့မှုကို ပိတ်​ပင်​ဖမ်းဆီးနေခြင်းဖြစ်​ပြီး တရုတ်​နို​င်​ငံဘက်​မှ လက်​ရှိအချိန်​ထိ ပိတ်​ပင်​ထားဆဲဖြစ်​သည်​။

“အဓိကတော့ ဒီဇယ်​ဆီကို မှောင်​ခိုသွင်းတော့ အဲ့ဟာကို ပိတ်​ဆို့ရင်းကနေ ဆန်​ ၊ပြောင်း ၊သကြားပါ ပါလာတာပါ။ ဆုံးရှုံးမှုက တစ်​လ တစ်​လကို ကန်​ဒေါ်လာနဲ့တွက်​ရင်​ အများကြီးရှိတယ်​ စာရင်းတော့ အတိအကျတော့ မပြောနိုင်​ဘူး။ ဒီတရုတ်​နှစ်​သစ်​ကူးပြီးရင်​တော့ ပြန်​ဖြေလျော့ပေးမယ်​လို့ ယူ​ဆပါတယ်​။”ဟု ဦးမင်းသိန်းကဆိုသည်​။

ယခင်​က မြန်​မာနိုင်​ငံအနေဖြင့်​ ပြည်​ပသို့ ဆန်​တင်​ပို့ရာတွင်​ ပင်​လယ်​ရေကြောင်းမှ ၃၀ ရာခိုင်​နှုန်းခန့်​ တင်​ပို့ပြီး တရုတ်​နယ်​စပ်​မှ ၇၀ ရာခိုင်​နှုန်းခန့်​ တင်​ပို့လျက်​ရှိရာ လက်​ရှိအချိန်​တွင်​ တရုတ်​နယ်​စပ်​မှ ၃၅ ရာခိုင်​နှုန်းခန့်​သာ ထွက်​ရှိနိုင်​သောကြောင့်​ ထက်​ဝက်​ခန့်​ ကျဆင်းသွား
ခြင်းဖြစ်​သည်​။

“တရုတ်နယ်စပ်မှာလည်း အရောင်းအ၀ယ်အေးနေတဲ့ ရပ်နေတဲ့ အနေအထားရှိတော့ တခြားနိုင်ငံတွေကို ထိုးဖောက်ပြီးတော့ ရောင်းနိုင်ဖို့ ကျွန်​တော်​တို့ နိုင်ငံတကာ အကူညီတွေ အများကြီးလိုအပ်တယ်။ အိမ်နီးချင်းနိုင်ငံတွေကို G to G ညိုနှိုင်းပြီးတော့ ရောင်းချဖို့ အနေအထားရှိတယ်။ အဲ့လိုပဲ တရုတ်နိုင်ငံနဲ့ အာဖရိက နိုင်ငံတွေနဲ့ ဆွေးနွေးရမယ်” မြန်​မာနိုင်​ငံဆန်​စပါးအသင်းချုပ်​မှ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်​က ပြောသည်။

ဈေးကွက်သစ်ရှာဖွေမှု အနေနှင့်လည်း အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေရှ့်အပြင် အာဖရိက နိုင်ငံများထဲမှ ထပ်မံဝယ်ယူနိုင်သည့် အလားအလာရှိသော ၀ယ်လက်များကို ရှာဖွေ လုပ်ဆောင်သွားမည်ဖြစ်​သည်။

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်တွင် ပြည်ပနိုင်ငံများသို့ ဆန်တန်ချိန် ၃ ဒသမ ၅ သန်းကျော်နှင့် ပမာဏအများဆုံးတင်ပို့ နိုင်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ဆန်တန်ချိန် ၁ ဒသမ ၇သန်းကျော် တင်ပို့ထား သောကြောင့် လက်​ရှိအခြေအနေသည်​ တန်ချိန် ၂ သန်းပြည့်မီရန်ကိုပင်​ ကြိုးစား လုပ်ဆောင်ရမည့် အနေအထားဖြစ်နေသည်။

Leave a Reply