မင်းပြားမြို့နယ်၊ ပန်းမြောင်းကျေးရွာသားတစ်ဦး နေအိမ်တွင်းပစ်သတ်ခံရ

0
158

ဇန်န၀ါရီ ၂၃
ညိုမှိုင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ပန်းမြောင်းကျေးရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးမှာ ပြီးခဲ့သည့်ညက မိမိနေအိမ်အတွင်း သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

အဆိုပါသေဆုံးသူမှာ ပန်းမြောင်းကျေးရွာ၊ ရွာဟောင်းရပ်ကွက်တွင်နေထိုင်သူ ဦးမောင်အေးသိန်း အသက် ၅၆ နှစ်ဖြစ်ပြီး ပြီးခဲ့သည့် ဇန်န၀ါရီ ၂၂ ရက်နေ့ည ၉ နာရီကျော်အချိန်ကန့်က လူတစ်ဦးလာရောက်ပစ်ခတ်သွားခဲ့ခြင်းဖြစ်သည်။

“သေနတ်နဲ့ပစ်ခတ်မှုဖြစ်ပွားခဲ့တာဟုတ်ပါတယ်။ မနေ့ကည ၉ နာရီကျော်လောက်မှာဖြစ်တာပါ။ သေဆုံးသူကတော့ ဦးမောင်အေးသိန်းပါ။ သူခြံတံခါးကိုသွားပိတ်တဲ့အချိန်မှာ လူတစ်ယောက်ရောက်လာပြီး ပစ်သတ်ခဲ့တာလို့သိရပါတယ်။”ဟု ပန်းမြောင်းကျေးရွာအုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းမတိုင်မီ သေဆုံးသူဦးမောင်အေးသိန်းမှာ သူ့မိတ်ဆွေများနှင့်စကားပြောပြီးပြန်လာစဉ် နေအိမ်ခြံတံခါးကို ပိတ်ရန်ပြင် ဆင်နေခြင်းဖြစ်ပြီး သေနတ်ဖြင့်လာရောက်ပစ်ခတ်ခဲ့သူမှာထွက်ပြေးသွားသည့်အတွက် မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရသေးကြောင်း ဆိုသည်။

“ပစ်ခတ်ခံလိုက်ရတဲ့နေရာမှာပဲ သေဆုံးသွားတာဖြစ်ပါတယ်။ ဒဏ်ရာက ၅ ချက်ရှိပါတယ်။ ညာဘက်ရင်အုံမှာတစ်ချက်၊ ရင်ညွန့်အောက်မှာတစ်ချက်၊ ၀မ်းဗိုက်မှာနှစ်ချက်၊ ပေါင်မှာတစ်ချက်ပါ။ 9 မမ ကျည်နဲ့ပစ်သွားတာလို့ ရဲကပြောပါတယ်။”ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။

အခင်းဖြစ်ပွားချိန်တွင် ဦးမောင်အေးသိန်းနှင့်အတူ ဇနီးဖြစ်သူနှင့်သားတစ်ဦးတို့လည်း နေအိမ်တွင်ရှိနေချိန်ဖြစ်ပြီး ယခုဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ ရခိုင်ပြည်နယ်အတွင်း တတိယအကြိမ်ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်သည်။

Leave a Reply