ဘုန်းကြီးကျောင်းတိုက်အတွင်း လောင်းကစားပြုလုပ်သူများအား ဝင်ရောက်ဖမ်းဆီး

0
117

ဇန်နဝါရီ ၂၃
နိုင်လင်းဦး

မန္တလေး ချမ်းအေးသာစံမြို့နယ် ၆၂လမ်း၊ ၂၇လမ်းနှင့် ၂၈လမ်းကြားရှိ ဆင်တဲဘုန်းကြီးကျောင်းတိုက်အတွင်း၌ ဘောလုံး၊ နှစ်လုံး၊ သုံးလုံး လောင်းကစားပြုလုပ်သူများကို ဇန်နဝါရီလ (၂၃)ရက်နေ့က ချမ်းအေးသာစံမြို့နယ်သံဃာ့နာယကအဖွဲ့နှင့် သာသနာတော်ထိန်းသိမ်းစောင့်ရေးအဖွဲ့တို့ပူးပေါင်း၍ ဝင်ရောက်ဖမ်းဆီးခဲ့သည်။

ဆင်တဲဘုန်းကြီးကျောင်းတိုက်အတွင်းရှိ အရှေ့ဆင်တဲတိုက်အုပ်ကျောင်းတွင် လောင်းကစားဒိုင်ပြုလုပ်သူ ဦးညီညီလွင်နှင့် မသဇင်ခိုင်တို့အား နှစ်လုံး၊ သုံးလုံး၊ ဘောလုံးလောင်းကစားရာတွင် အသုံးပြုသည့် ငွေစက္ကူရောရာ ကျပ်သိန်း ၂၀၀ ခန့် နှင့် လောင်းကစားအသုံးပြုရာတွင်ပါဝင်သော လက်ပ်တော့(၇)လုံး၊ ပရင်တာ(၁)လုံး၊ ငွေရေစက်(၁)လုံးနှင့် သံသေတ္တာ(၂)လုံးတို့အား သိမ်းဆည်းရမိခဲ့သည် ။

ထို့အပြင် ယင်းကျောင်းတိုက်အတွင်းရှိ ဓမ္မဂုဏ်ရည်ကျောင်းတွင် လောင်ကစားဒိုင်ပြုလုပ်သူများမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး နှစ်လုံး၊ သုံးလုံး၊ ဘောလုံးလောင်းကစားရာတွင်ပြုလုပ်သည့် ငွေစက္ကူရောရာများသိန်းဂဏန်းနှင့် လောင်းကစားအသုံးပြုရာတွင်ပါဝင်သော လက်ပ်တော့(၆)လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ ပရင်တာ (၁) လုံး နှင့် မီးစက်လက်ဆွဲ(၁)လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

“ဦးဇင်းတို့အနေနဲ့ ကျောင်းထိုင်ဘုန်းကြီးတွေကိုရော၊ ဒိုင်လုပ်တဲ့သူတွေကိုပါ လွန်ခဲ့တဲ့တစ်လခွဲလောက်ကနေစပြီး မလုပ်ဖို့ သတိပေးတယ်။ သုံးကြိမ်တိုင်ပြောတော့လည်း နားမထောင်တာနဲ့ အခုလေးကြိမ်မြောက်မှာ ဝင်ဖမ်းတာ။ လူပုဂ္ဂိုလ်တွေကတော့ သက်ဆိုင်ရာ ရဲစခန်းကိုအပ်လိုက်တယ်။ ကျောင်းထိုင်ဘုန်းကြီးတွေကိုတော့ မြို့နယ်သံဃနာယကဆရာတော်ကြီးရဲ့ ဆုံးဖြတ်မိန့်ကိုတော့ စောင့်ရအုံးမယ်။´´ ဟု ချမ်းအေးသာစံမြို့နယ်သံဃာ့နာယကအဖွဲ့မှ အတွင်းရေးမှူးဆရာတော် ဥူးဓမ္မ က မိန့်ကြားသည်။

အရှေ့ဆင်တဲကျောင်းတိုက် မှ ဆရာတော် ဥူးမာနိတနှင့်ဓမ္မဂုဏ်ရည်ကျောင်းတိုက်ဆရာတော် ဥူးစန္ဒာသီရိတို့နှစ်ပါးကို ချမ်းအေးသာစံမြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ပညိန္ဒာဘိဝံသထံ ပို့အပ်ခဲ့ပြီး ဥက္ကဋ္ဌဆရာတော်ကြီးမှ အဆိုပါကျောင်းထိုင်ဆရာတော်နှစ်ပါးကို လူဝတ်ချွတ်စေပြီး သာသနာညှိုးနွှမ်းစေမှုဖြင့် တရားရင်ဆိုင်ရန်ဆုံးဖြတ်ချက် မိန့်ကြားခဲ့သည်။

ထို့အပြင် လောင်ကစားဒိုင်များဖြစ်သည့် ဦးညီညီလွင်နှင့် မသဇင်ခိုင်တို့အား အမှတ်(၃)နယ်မြေရဲစခန်းတွင် (ပ)၅၄/၂၀၁၉၊ လောင်းကစားဥပဒေပုဒ်မ – ၁၅/၁၆ တို့ဖြင့်အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည် ။

Leave a Reply