မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေး စုဝေးဆန္ဒထုတ်ဖော်ပွဲ ပုသိမ်တွင် ပြုလုပ်မည်

0
173

ဇန်န၀ါရီ ၂၄
ကိုလူသစ်

မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ရန် ပြည်သူလူထုမှထောက်ခံသည်ဟုဆိုကာ တရုတ်သံမှူး၏ပြောကြား မှုသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကိုထိပါးစေသည့်အပြင် မြစ်ဆုံစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ဆိုးကျိုးများကိုသာဖြစ်ပေါ်စေခြင်းကြောင့် ယင်းမြစ်ဆုံစီမံကိန်းအပြီးတိုင်ဖျက်သိမ်းရေးဆန္ဒပြုကြောင်း ဆန္ဒ ထုတ်ဖော်မှုကို ပုသိမ်မြို့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်မှုကိုဦးဆောင်သူ ဦးစိုးမြင့်က ပြော ကြားသည်။

“လုပ်ရတဲ့အကြောင်းအရင်းကတော့ တရုတ်သံမှူးရဲ့ မြစ်ဆုံကိစ္စနဲ့ပတ်သက်ပြီးတော့ လူထုကလက်ခံတယ်ဆို ပြီး တော့ တစ်ဖက်သက်သတင်းထုတ်ပြန်ချက်အပေါ်မှာ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကို ထိပါးလာတဲ့သဘော သက်ရောက်တယ်။သံခင်း၊တမန်ခင်းမဆန်တဲ့ အပြုအမူ၊အပြောအဆို၊သတင်းထုတ်ပြန်မှုတွေလုပ်တဲ့ အတွက် ကြောင့်ရယ်၊မြစ်ဆုံကိစ္စဟာ မြန်မာတစ်နိုင်ငံလုံးအတွက်ဆိုးကျိုးတွေသာဖြစ်နိုင်တယ်လို့ သိရှိရတဲ့အတွက် ကြောင့် ဒီမှာရှိတဲ့အရပ်ဖက်အဖွဲ့အစည်းတွေ၊ကျောင်းသား၊ကျောင်းသူတွေက ဆန္ဒဖော်ထုတ်မှာဖြစ်ပါတယ်”ဟု ဦးဆောင်သူ ဦးစိုးမြင့်က ပြောကြားသည်။

မြစ်ဆုံစီမံကိန်းအကောင်အထည်ဖော်ရန်ကန့်ကွက်ကြောင်းနှင့်အပြီးတိုင်ဖျက်သိမ်းရေး ဆန္ဒပြုကြောင်း ဆန္ဒထုတ်ဖော်မှုကို ဇန်န၀ါရီ ၂၇ရက်တွင်ပြုလုပ်သွားမည်ဖြစ်သော်လည်း အစိုးရရုံးပိတ် ရက်ဖြစ်သည့်အပြင် လုံခြုံရေးပိုင်းအရသက်ဆိုင်ရာအရ ဇန်န၀ါရီ ၂၈ရက်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ဆန္ဒထုတ်ဖော်မှုကို ပုသိမ်မြို့၊မဟာဗန္ဒုလလမ်းမကြီးနှင့်ရွှေစည်းခုံလမ်းဆုံရှိ စာတိုက်ကုန်းနေရာတွင် မွန်းလွဲ ၂ နာရီမှ ညနေ ၅ နာရီအထိပြုလုပ်သွားမည်ဖြစ်ကြောင်းလည်း ၄င်းက ဆက်လက်ပြောကြားသည်။

“ကျွန်တော်တို့က ငြိမ်းချမ်းစွာစုဝေးမှာပါ။ စီတန်းလှည့်လည် တာမပါပါဘူး။ပုသိမ်မြို့၊မဟာဗန္ဒုလလမ်းမကြီးနဲ့ ရွှေ စည်းခုံလမ်းဆုံတဲ့နေရာ စာတိုက်ကုန်းနေရာမှာသက်ဆိုင်ရာက နေရာသတ်မှတ်ပေးပါတယ်။အဲ့ဒိမှာ ကဗျာရွတ် ဆိုမယ်။မြစ်ဆုံကိစ္စကို ဖျက်သိမ်းဖို့အထိ ဆန္ဒပြုတယ်ဆိုတဲ့ ကမ်းပိန်းလုပ်မယ်။စတစ်ကာကမ်ပိန်းလုပ်မယ်။ လက်ကမ်းစာစောင်ဝေမယ်” ဟု ဦးစိုးမြင့်က ဆက်လက်ပြောကြားသည်။

ယင်းဆန္ဒထုတ်ဖော်မှုကို နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပုသိမ်တက္ကသိုလ်ဗကသအဖွဲ့ဝင်များ၊အရပ်ဖက်အဖွဲ့ အစည်းများ၊ပရဟိတအဖွဲ့အစည်းများက ပါဝင်ဆန္ဒထုတ်ဖော်သွား မည်ဖြစ်ကြောင်းနှင့်ပြည်၊ဇီးကုန်း၊ပေါင်း တည်မြို့များတွင်လည်း ငြိမ်းချမ်းပါစေ မြန်မာပြည်ကွန်ရက်မှ ဆန္ဒထုတ်ဖော်မှုကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ဦးဆောင်သူ ဦးစိုးမြင့်က ပြောကြားသည်။

အဆိုပါ မြစ်ဆုံစီမံကိန်းဖျက်သိမ်းရေးအတွက် ပြီးခဲ့သည် ၂၀၁၁ခုနှစ်အတွင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အရပ်ဖက်အဖွဲ့အစည်းများက ဆန္ဒထုတ်ဖော်မှုများပြုလုပ်ပြီးနောက် နိုင်ငံတော်သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့က ၄င်းတို့အစိုးရသက်တမ်းအတွင်းစီမံကိန်းကို ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

သို့သော် ပြီးခဲ့သည့် ရက်ပိုင်း ဇန်န၀ါရီ ၁၄ရက်တွင် တရုတ်သံအမတ် Mr.Hong Liang ၏ ခရီးစဉ်အပြီးတွင် မြစ်ဆုံစီမံကိန်းအပေါ် ပြည်သူအချို့က စီမံကိန်းအပေါ်ထောက်ခံမှုရှိကြောင်း သတင်းထုတ်ပြန် ချက်ထွက်ပေါ် ခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့စီမံကိန်းအပေါ် ကန့်ကွက်ကြောင်းနှင့်အပြီးတိုင်ဖျက်သိမ်းရန် တောင်းဆိုမှုများရှိ လာခဲ့ခြင်းဖြစ်သည်။

Leave a Reply