သဘောဆန္ဒမပါဘဲ စက်ရုံပြောင်းရွှေ့လုပ်ကိုင်စေခြင်းနှင့်အပြစ်မရှိဘဲ နို့တစ်စာပေးအလုပ်ထုတ်နေခြင်းရပ်တန့်ပေးရန် CMF Myanmar(2)အလုပ်သမားများ တောင်းဆိုဆန္ဒထုတ်ဖော်

0
121

ဇန်နဝါရီ ၂၆
ကိုလူသစ်

CMF Myanmar(2) ကျောပိုးအိတ်စက်ရုံ တာဝန်ရှိသူများကပိတ်သိမ်းမည်ဖြစ်သည့်အတွက် အလုပ်သမားများကို CMF Myanmar(1) ကျောပိုးအိတ်စက်ရုံသို့ပြောင်းရွှေ့အလုပ်လုပ်ကိုင်ရန်ပြောဆိုပြီးနောက် အလုပ်သမားအချို့ကို နို့တစ်စာပေးကာ အလုပ်မှထုတ်မှုများရှိနေခြင်းကြောင့် အလုပ်သမားများ၏ သဘောဆန္ဒမပါဘဲ စက်ရုံပြောင်းရွှေ့လုပ်ကိုင်စေခြင်းနှင့်အပြစ်မရှိဘဲ နို့တစ်စာပေးအလုပ်ထုတ်နေခြင်းကို ရပ်တန့်ပေးရန် CMF Myanmar(2)အလုပ်သမားများ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ ကြောင်းသိရသည်။

”စက်ရုံပိတ်မယ်ပြောတယ်။ပြီးတော့ စက်ရုံ (၁)ကိုလိုက်ခိုင်းတယ်။မလိုက်နိုင်တဲ့လူကို အလုပ်သမားဥပဒေအရပေးလျော်မယ်လို့ သူတို့ကကြေညာထားတယ်။တရားဝင်စာကပ်တာမဟုတ်ပေမယ့် ပါးစပ်နဲ့အများအရှေ့မှာ ကြေညာပြီးတော့မှ ဟိုဘက်စက်ရုံကိုမလိုက်လဲမလိုက်ရော အလုပ်ရှင်အနေနဲ့က စက်ရုံမပိတ်တော့ဘူးဆိုပြီးအလုပ်သမားတွေကို နည်းမျိုးစုံနဲ့အလုပ်ထုတ်နေတာပေါ့။အဲ့ဒါကြောင့် ကျွန်တော်တို့ အခုလိုဆန္ဒထုတ်ဖော်တာပါ”ဟု ဦးဆောင်သူ ကိုအောင်သူက ပြောကြားသည်။

အဆိုပါဆန္ဒထုတ်ဖော်မှုကို CMF Myanmar(2)စက်ရုံအရှေ့မှ ဦးမြဲလမ်း၊ဗန်းမော်အတွင်းဝင်လမ်း၊ထိုမှတဆင့်စက်မှုဇုန်(၃)အားဖြတ်ကာ ရန်ကုန်-ပုသိမ်လမ်းမကြီးသို့လည်းကောင်း။ရန်ကုန်-ပုသိမ်လမ်းမကြီးမှ ကျန်စစ်သားလမ်း၊ရုံးအရှေ့မှ အောင်မြင်သာ ဘောလုံးကွင်းအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပြီး
အလုပ်ရှင်နှင့်တိုက်ရိုက်ဆွေးနွေးခွင့်ရရှိရေး၊အလုပ်သမားများလုပ် ငန်းခွင်တည်မြဲရေး၊လုပ်ငန်းရှင်ဘက်မှလုပ်ငန်းခွင်သုံးပစ္စများပြည့်စုံစွာထားရှိပေးရေး၊စက်ရုံရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်းမပြုရေး၊ သဘောဆန္ဒမပါဘဲ ဌာနပြောင်းရွှေ့လုပ်ကိုင်းခြင်းမပြုရေးနှင့် အလုပ်သမားများကို အပြစ်မရှိဘဲ နို့တစ်စာပေးအလုပ်ထုတ်နေခြင်းများရပ်တန့်ရေးစသည့်အချက်များကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့သည်။

စက်ရုံတာဝန်ရှိသူများဘက်မှ ပြီးခဲ့သည့် ဇန်နဝါရီ ၁၁ရက်ခန့်က စက်ရုံပိတ်သိမ်းမည်ဖြစ်ကြောင်းနှင့် ဆက်လက်လုပ်ကိုင်လိုသည့် အလုပ်သမားများအနေဖြင့် စက်ရုံအမှတ်(၁)သို့ ပြောင်းရွှေ့လုပ်ကိုင်ရန်ပြောကြားခဲ့ခြင်းကြောင့် အလုပ်သမားများက ယင်းစက်ရုံအမှတ်(၁)သို့လိုက်ပါလုပ်ဆောင်လိုခြင်းမရှိကြောင်းနှင့် အလုပ်သမားများ၏သဘောဆန္ဒမပါဘဲ ဌာနပြောင်းရွှေ့ခြင်းမပြုရေးတောင်းဆိုခဲ့သည်။

စက်ရုံတာဝန်ရှိသူများဘက်မှ စက်ရုံပိတ်သိမ်းရန်နှင့်အလုပ်သမားကို CMF Myanmar(1)သို့ပြောင်းရွှေ့အလုပ်လုပ်ကိုင်စေဆက်လက်လုပ်ဆောင်မှုကြောင့် အလုပ်သမားများကဇန်နဝါရီ ၁၂ရက်နေ့ နေ့လည်ထမင်စားနားချိန်နောက်ပိုင်းတွင် လုပ်ငန်းခွင်ဝင်ရောက်ခြင်းမပြု ခြင်းဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

”အခုဟာကစက်ရုံပိတ်မယ်ပြောလိုက်။မပိတ်ဘူးပြောတယ်။အဲ့လိုလုပ်ပြီးတော့မှ စက်ပစ္စည်းရွှေ့တာတွေ၊ရုံးအပိုင်းသုံးတဲ့ပြုတဲ့ပစ္စည်းတွေရွှေ့တာတွေ။ထမင်းစားရုံတွေရွှေ့တာတွေ။စက်ပစ္စည်းအသစ်တွေရွှေ့ပြီး အဟောင်းတွေဒီဘက်ပြန်လာရွှေ့တာတွေ အဲ့ဒိအကြောင်းတရားတွေအပေါ်မူတည်ပြီးတော့ သုံးလမပြည့်သေးတဲ့ကလေးတွေကိုအလုပ်ထုတ်။နှစ်ကြာအလုပ်သမားတွေကို အလုပ်ထုတ်တာတွေလုပ်တာပါ”ဟု ဆန္ဒထုတ်ဖော်မှု၌ပါဝင်သည့်အလုပ်သမားတစ်ဦးက ပြောကြားသည်။

ယင်းသို့စက်ရုံပိတ်သိမ်းရန်အတွက် ဌာနပြောင်းရွှေ့လုပ်ကိုင်စေခြင်းကြောင့် အလုပ်ရှင်နှင့်အလုပ်သမားများကြား သဘောထားတင်းမာမှုများရှိခဲ့သည့်အတွက် သက်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့များဖြင့် ၆ ကြိမ်တိုင်တိုင်ဖြေရှင်းမှုများလုပ်ဆောင်ခဲ့သော်လည်း ပြေလည်မှုမရခဲ့ခြင်းကြောင့် ယခုကဲ့သို့ဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်းနှင့် ဆန္ဒထုတ်ဖော်သည့်တိုင် အလုပ်ရှက်ဘက်မှလိုက်လျောမှုမရှိပါက ဆန္ဒထုတ်ဖော်မှုကိုအရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း ၄င်းကဆိုသည်။

အဆိုပါ CMF Myanmar(2)စက်ရုံတွင် အလုပ်သးအင်အား ၃၀၀ခန်ရှိပြီး စက်ရုံပိတ်သိမ်းရန် စက်ရုံတာဝန်ရှိသူများဘက်မှ အလုပ်ထုတ်ပယ်မှုပြုလုပ်ခဲ့ရာ လက်ရှိတွင် အလုပ်သမားအင်အား ၂၆၀ခန့်သာ ကျန်ရှိတော့ကြောင်း ဦးဆောင်သူကိုအောင်သူက ပြောကြားသည်။

Leave a Reply