မြစ်ဆုံစီမံကိန်း ဆက်လုပ်ပါက သမိုင်းတရားခံ ဖြစ်မည်ဟု ဒေါက်တာထွန်းလွင်ပြော

0
162

ဖေဖော်​ဝါရီ ၎
ဝေဝေဖြိုး

မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆက်လက်​လုပ်ဆောင်​ပါက သမိုင်းတရားခံ ဖြစ်မည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောသည်။

ယခုလ ၃ ရက်က နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် ပြုလုပ်သည့် မြစ်ဆုံစီမံကိန်းအား အများပြည်သူသဘောမတူ ဆန့်ကျင်ကန့်ကွက်ကြောင်း ပညာရှင်များ ဟောပြောပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဒါကြီးကို မျက်စိမှိတ်ပြီးလုပ်လိုက်ရင် လုပ်တဲ့သူကတော့ သမိုင်းတရားခံလည်းဖြစ်မယ်။ လက်ရှိမှာလည်း မြောင်းထဲရောက်သွားမှာတော့ သေချာတယ်။ သို့သော် သူတို့မြောင်းထဲရောက်တာ မရောက်တာကတော့ ကျွန်တော်တို့ အတွက် အရေးမပါပါဘူး။ အရေးပါတာက ဒီနိုင်ငံမြောင်းထဲ မရောက်ဖို့အရေးပါပါ တယ်။ဒီနိုင်ငံရေရှည်တည်တံ့ဖို့ အရေးပါပါတယ်။ အားလုံး ညီညီညွတ်ညွတ်နဲ့ ရပ်တည်ကြဖို့ လိုပါတယ် ” ဟု ၎င်းက ပြောသည်။

မြစ်​ဆုံစီမံကိန်းနှင့် ပတ်သက်၍ လက်ရှိအစိုးရ အနေဖြင့် လေသံပြောင်းလဲလာပြီး မှားမှန်းသိလျက် ဆက်​လက်​လုပ်​ဆောင်​ပါက သမိုင်းတရားခံဖြစ်​မည်​ဟုဆိုသည်​။

မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ မည်သည့် ရှုထောင့်ကမှ လက်ခံ၍ မရဘဲ မြစ်ဆုံစီမံကိန်းသည် လုံးဝ ကန့်ကွက်ရမည့် စီမံကိန်းဖြစ်ပြီး ဖြစ်သည့်နည်းနှင့် အပြီးတိုင် ရပ်ဆိုင်းရမည်ဖြစ်​သောကြောင့့် အစိုးရအနေဖြင့် ပြည်သူ့အသံကို အပြည့်အ၀ နားထောင်ရန် လိုအပ်သည်​ဟုဆိုသည်​။

“မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တယ်ဆိုတဲ့ သဘောထားဟာ ဒီနေ့အချိန်ထိ ဒီအတိုင်းပါပဲ ။ တစ်ခါမှလည်း မပြောင်းလဲခဲ့ပါဘူး။ ဒီနေရာမှာ ကျွန်တော်က မပြောင်းလဲပေမယ့် ကျွန်တော်​တို့နဲ့အတူ တစ်သဘောထားတည်း ရှိခဲ့တဲ့ တစ်ချို့ပုဂ္ဂိုလ်တွေက တဖြေးဖြေး လေသံတွေပြောင်းလာတယ်။ အဲ့ဒီလေသံပြောင်းလာတဲ့သူတွေကို ကြည့်လိုက်ရင် ဒီနေ့ အာဏာရနေတဲ့ အဖွဲ့အစည်းထဲမှာပါနေတဲ့ နိုင်ငံရေးသမားတွေပါပဲ။ အရင်တုန်းက ရဲရဲတောက် မလုပ်ဘူး။ ကန့်ကွက်မယ်။ နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတယ်။ လျှပ်စစ်ဓာတ် တစ်ခုတည်းမဟုတ်ဘူး။ တခြားရှုပ်ထွေးမှု တွေပါတယ်လို့ ပြောခဲ့တဲ့လူကလည်း ဒီနေ့လေသံက တစ်မျိုးဖြစ်လာတယ်”ဟု ဒေါက်​တာထွန်းလွင်က ပြောသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းသည် ကချင်ပြည်နယ် ဧရာဝတီမြစ်အထက် မေခ နှင့်​ မလိခ မြစ်ပေါ်တွင် ရေကာတာ ၇ ခု တည်ဆောက်ကာ ရေအားလျှပ်စစ် ထုတ်လုပ်မည့် စီမံကိန်းဖြစ်ပြီး ၂၀၀၆ ခုနှစ် တပ်မတော်အစိုးရ လက်ထက်က တရုတ်ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်း လုပ်ဆောင်ရန် သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်​။

ပြည်သူအများက ဆန္ဒထုတ်ဖော် ကန့်ကွက်ခဲ့ကြသည့်အတွက် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာ ၂၉ ရက်မှ စတင်၍ ယခုအချိန်အထိ လုပ်ငန်းလုပ်ဆောင်မှုများ ရပ်တန့်ထားခဲ့ခြင်းဖြစ်​သည်။

မြစ်ဆုံရေအားလျပ်စစ်ကို ပြန်လည်တည်ဆောက်မည့် အရိပ်အယောင်များတွေ့နေရပြီး သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှား သူများအပါအဝင် ပြည်သူအများစုက အပြင်းအထန်ကန့်ကွက်နေကြသည်။

Leave a Reply