ညအချိန် မိန်းကလေးအဆောင်တွင် ရိုက်ကူးရေး လုပ်သည့်ကိစ္စ ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရန် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ တောင်းဆို

0
208

ဖေဖော်ဝါရီ ၎
မေစု

ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း ဖေဖော်ဝါရီ ၃ရက်နေ့ ညအချိန် ၁နာရီ ဝန်းကျင်၌ မိန်းကလေးအဆောင် တွင် အမျိုးသား များလာရောက်၍ ရုပ်ရှင်ရိုက်ကူး၍ စနောက် နှောက်ယှက်မှုများ ရှိခဲ့ခြင်း အပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးရန် တောင်ဆိုသည့် စာကို ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

ရိုက်ကူးရေးလုပ်ဆောင်ရန် ပါမောက္ခချုပ်မှ ခွင့်ပြုသည့်လက်မှတ်ဖြင့် အမျိုးသား ၂၀ခန့် က တက္ကသိုလ်အဆောင်နေကျောင်းသူ မိန်းကလေးများနေထိုင်သည့် အင်းလျားဆောင်အတွင်းဝင်ရောက် ရိုက်ကူးရေးလုပ်ခဲ့ခြင်းဖြစ်ရာ ကျောင်းသူများကို အမူအယာဖြင့်နှောက်ယှက်ခြင်း ၊ နှုတ်ဖြင့်နှောက်ယှက်ခြင်းများ ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

” မနေ့ကညကဖြစ်တာ ဒီနေ့ နေ့လည်လောက်မှ ကျွန်တော်တို့စာထုတ်တာဆိုတော့ ကျောင်းတာဝန်ရှိသူတွေ ဘက်ကအကြောင်းတော့မပြန်သေးဘူး။ အစည်းဝေးခေါ်လိမ့် မယ်တော့ထင်ပါတယ်။ မိန်းကလေးတွေနေတဲ့အဆောင်ထဲ ယောက်ျာလေးတွေဝင်ပြီးတော့ ရိုက်ကူးရေးလုပ်တယ်ဆိုတာ နေ့ခင်းဘက်မှာတောင် မဖြစ်သင့်ပါဘူး။ ဒီလိုမိန်းကလေးနေတဲ့ အဆောင်ကို ခွင့်ပြုတယ်ဆိုတာ ဘယ်လိုအပေးအယူတွေရှိတယ်ဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ အဲ့ဒါကြောင့် ပွင့်လင်းမြင် သာစွာချပြဖို့တောင်းဆိုတာပါ။ ညဘက်ရိုက်ကူးရေးလာလုပ်တဲ့ လူတွေ အနေနဲ့ ကျောင်းသူတွေကို ကာယအိနြေ္ဒပျက်ပြားအောင် နှောက်ယှက်စနောက်တာတွေ ဖြစ်ခဲ့ရတဲ့အပေါ်တာဝန်ယူမှု တာဝန်ခံမှု တစ်ခုခု လုပ်ပေးဖို့လည်းတောင်းဆို ထားပါတယ်” ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြန်ကြားရေး နှင့် ပြင်ပဆက်ဆံရေးတာဝန်ခံ ကိုအောင်ကောင်းထက် ကပြောသည်။

ရန်ကုန်တက္ကသိုလ်အတွင်း မှ မိန်းကလေးဆောင်များ အနေဖြင့်စည်ကမ်းတင်းကြပ်မှု အဆောင်တွင်း သူစိမ်းများဝင်ရောက်မှု တို့အားတင်ကြပ်ထား ခဲ့သော်လည်း ရိုက်ကူးရေးအဖွဲ့အား ရိုက်ကူးခွင့်ပြုခဲ့ခြင်းက မူလစည်းကမ်းချမှတ်ထားမှု များ နှင့် လမ်းလွဲကာ သွေဖီနေကြောင်း သိရသည်။

” မိန်းကလေးအမျိုးသမီးဆောင်ထဲ ဝင်ခွင့်စည်းကမ်းတွေ တင်းကြပ်ထားပေမယ့် ဘယ်သူမှန်းမသိတဲ့ ဒီလိုရိုက်ကူးရေး ကျတော့ခွင့်ပြုတယ်။ မလိုအပ်တဲ့စည်းကမ်းတွေတင်းကြပ်ထားပြီး ဒီလိုမျိုးတွေကျတော့ ခွင့်ပြုတယ်ဆိုတာ နောက်ကွယ် မှာ ဘယ်လိုအပေးအယူမျိုးရှိတယ်ဆိုတာ သူတို့ဘယ်လိုသဘော တူထားတယ် ဆိုတာကို ပွင့်လင်းမြင်သာစွာ ချပြဖို့တောင်း ဆိုတာဖြစ်ပါတယ်။ ညဘက်မှာ ပါမောက္ခချုပ်လက်မှတ်ပြပြီး ဝင်တော့ ပါမောက္ခက ခွင့်ပြုတယ်ဆိုတဲ့သဘောနဲ့ဝင်ရိုက်ကြတာပါ။” ဟု ကိုအောင်ကောင်းထက်က ဆက်လက်ပြောသည်။

ပါမောက္ခချုပ် ဘက်မှ ရိုက်ကူးရေးနှင့်ပတ်သက် ၍ ညဘက်ရိုက်ကူးရန် ခွင့်ပြုထားခြင်းမရှိကြောင်း ၊ ၎င်း ၏ လက်မှတ်ကိုအလွဲသုံးစား လုပ်ခြင်းသာဖြစ်ကြောင်း ဖြေရှင်းမှုများရှိကြောင်း သိရသည်။

ကျောင်းဖွင့်ချိန် တွင် ကျောင်းသူအဆောင်အတွင်း ရိုက်ကူးရေး ခွင့်ပြုခြင်းသည် မသင့်တော်သောလုပ်ရပ် ဖြစ်ပြီး ဖေဖော်ဝါရီ ၈ရက် နောက်ဆုံးထား ၍ ပါမောက္ခချုပ် နှင့် ရိုက်ကူးရေး အဖွဲ့တို့ စာချုပ်ချုပ်ဆိုထားသည့် စာချုပ်ပါသဘောတူညီချက် များအားပွင့်လင်းမြင်သာစွာချပြရန် အချက် နှင့် ပါမောက္ခချုပ် နှင့် ရိုက်ကူးရေးအဖွဲ့တို့ က သင့်တော်သော တာဝန်ယူမှု တာဝန်ခံမှု တစ်စုံတစ်ရာ အားပြုလုပ်ပေးပါရန် အချက် ၂ ချက် ပါဝင်သော သဘောထားဆန္ဒပါ စာကို ကုန်တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က ထုတ်ပြန်ထားသည်။

Leave a Reply