ပဲတင်သွင်းမှုသီးသန့်သတ်မှတ်ပေးရန် အိန္ဒိယအစိုးရထံ တောင်းဆိုမည်

0
45

ဖေဖော်​ဝါရီ ၎
ဝေဝေဖြိုး

ပြည်ပမှ ပဲတင်သွင်းခြင်းကို အိန္ဒိယပြည်နယ်အစိုးရက တားဆီးသည့်​အတွက်​ ပြည်တွင်း ဈေးကွက်တွင် မတ်ပဲနှင့် ပဲစင်းငုံ ဈေးများ ကျဆင်းခဲ့ခြင်းကြောင့်​သီးသန့်​ကိုတာ အမြန်ဆုံးသတ်​မှတ်​ပေးရန်​ တောင်းဆိုသွားမည်​ဖြစ်​ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်း ကုန်သည်အသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“အိန္ဒိယဘက်​ကို ဆက်​ပြီးတောင်းဆိုမယ်​ဆိုတဲ့ကိစ္စက သီးသန့်​ကိုတာသတ်​မှတ်​ပေးဖို့ အခုက ပဲပေါ်တဲ့ကာလဖြစ်​တဲ့အတွက်​ ဒါကို အမြန်​အကောင်​အထည်​ဖော်​ဖို့ ဒီရက်​ပိုင်းတွင်း ဆက်​ပြီး တောင်းဆို သွားမယ်​။ အိန္ဒိယကတော့ ယာယီပိတ်​တယ်​လို့ပြောတဲ့ပုံစံ ဒါပေမယ့်​အဲ့တာကလဲ ဘယ်​အချိန်​မှာ ပြောင်းလဲ မလဲဆိုတာ ကျွန်​တော်​တို့လဲ မမှန်းတက်​ဘူး “ဟု ၎င်းကပြောသည်​။

မြန်မာနိုင်ငံမှ အဓိကပဲတင် ပို့နေသည့် အိန္ဒိယနိုင်ငံ ချန်နိုင်း ပြည်နယ် တရားရုံးက ပြည်ပမှ ပဲ တင်သွင်းမှု တားဆီးသည့် အမိန့်စာကို ဇန်နဝါရီလ ၃၁ ရက်က ထုတ် ပြန်ခဲ့ခြင်းဖြစ်​သည်။

ပြည်ပမှ ပဲတင်သွင်း မှုကို တားဆီးခြင်းအပြင် ဇန်နဝါရီလ ၂၈ ရက်နောက်ပိုင်း တင်သွင်းသည့် ပဲများကိုလည်း ဆိပ်ကမ်းများမှ ထုတ်ခွင့်မပြုကြောင်း အိန္ဒိယနိုင်ငံ အကောက်အခွန်ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်​။

“အိန္ဒိယရဲ့ ပေါ်လစီကတော့ မငြိမ်​သေးဘူး။ ဇန်​နဝါရီလ ၃၁ ရက်​မှာတော့ ဆိပ်​ကမ်းရှင်းလင်းတဲ့ ကိစ္စကို ရပ်​တယ်​ဆိုပြီး စတယ်​။ချန်​နိုင်းပြည်​နယ်​အစိုးရက ဇန်​နဝါရီ ၂၈ ထိပဲ သူတို့ဆိပ်​ကမ်းက ဝင်​တာကိုလက်​ခံမယ်​ဆိုတာတွေ ဆက်​ပြီးထွက်​လာတယ်​ ။ချန်​နိုင်းပြည်​နယ်​အစိုးရက ပဲကိုဆက်​မဝယ်​ဖို့ တားသလိုဖြစ်​တာပေါ့နော်​ ဒီအကျိုးဆက်​က အိန္ဒိယ Importer တွေ တော်​တော်​များများကတော့ မြန်​မာနိုင်​ငံမှာ ပဲဝယ်​ပြီး အိန္ဒိယကို တင်​နေကြတာဆိုတော့ အဝယ်​ကို ယာယီရပ်​သွားကြတာ ဒီရပ်​တဲ့နောက်​မှာ အိန္ဒိယကို အဓိကသွားနေတဲ့ မတ်​ပဲနဲ့ ပဲစင်းငုံ ဈေးတွေ ပြန်​ကျတယ်​။”ဟု ဦးမင်းကိုဦးကပြောသည်​။

ပြည်တွင်းပဲဈေးကွက်တွင် မတ်ပဲ တစ်တန်လျှင်​ ယခင်​ပတ်​က ကျပ်​ ခုနှစ်​သိန်းခန့်​ ရှိရာမှ လက်​ရှိတွင်​ ကျပ်ငါးသိန်းခုနှစ်​သောင်း၊ ပဲစင်းငုံ တစ်တန်လျှင်​ ယခင်​ပတ်​က ကျပ်​ ခုနှစ်​သိန်းခွဲခန့်​ ရှိရာမှ လက်​ရှိတွင်​ ကျပ်ခြောက်သိန်းရှစ်သောင်းအထိ ကျဆင်းလာခဲ့ခြင်းဖြစ်​သည်​။

ပြည်တွင်းပဲဈေးအနေဖြင့်​ တစ်ပတ်အတွင်း မတ်ပဲ တစ်တန်လျှင် ကျပ်တစ်သိန်းသုံးသောင်းခန့်နှင့် ပဲစင်းငုံတစ်တန်လျှင် ကျပ် ခုနှစ်​သောင်းခန့်ဈေးနှုန်းများ ကျဆင်းခဲ့သည်​။

“အိန္ဒိယအပြင်​ အခြားနိုင်​ငံတွေကို သွားလို့တော့ရတယ်​ ဒါပေမယ့်​ ခက်​တာက တခြားနိုင်​ငံတွေကလဲဈေးနှုန်းအနေအထားမှာက အားရစရာမရှိဘူး အဲ့လိုမျိုးအခက်​အခဲတွေ ကြုံနေရတယ်​။”ဟု ၎င်းကဆိုသည်​။

လက်​ရှိအချိန်​သည်​ ပဲတီစိမ်း၊ ပဲစင်းငုံနှင့်​ မတ်​ပဲများပေါ်သည့်​ အချိန်​ကာလဖြစ်​သောကြောင့်​ ယင်းကဲ့သို့ အိန္ဒိယအစိုးရ၏ မူဝါဒအပြောင်းအလဲများသည်​ တောင်​သူများအပေါ် ထိခိုက်​နစ်​နာစေသည်​ဟုဆိုသည်​။

ထို့ကြောင့်​ အိန္ဒိယအစိုးရသို့ ပထမဦးစားပေးအနေဖြင့်​ ပဲတင်​သွင်းရာတွင်​ လွတ်​လပ်​စွာ ကုန်​သွယ်​ခွင့်​ပေးရန်​တိုက်​တွန်းတောင်း ဆိုထားပြီး မပေးနိုင်​ပါက ဒုတိယဦးစားပေးအနေဖြင့်​ သီးသန့်​ကိုတာသတ်​မှတ်​ပေးရန်​နှင့်​ အစိုးရအချင်းချင်း ချိတ်​ဆက်​ဆောင်​ရွက်​ရန်​ တိုက်​တွန်းတောင်းဆိုထားကြောင်းသိရသည်​။

Leave a Reply