လီဗာပူးလ် ကစားသမား ဆာလပ်ကို ခေါ်ယူရန် ရီးရဲမက်ဒရစ်ကို ကင်းထောက်များ အကြံပြု

0
200

ဇန်န၀ါရီ ၁၀ ၊ ၂၀၁၈

စပိန်လာလီဂါ၏ အင်အားကြီးအသင်းဖြစ်သော ရီးရဲမက်ဒရစ်သည် လီဗာပူးလ်၏ အီဂျစ်တိုက်စစ်မှူး မိုဟာမက် ဆာလပ်ကို ခေါ်ယူသင့်ကြောင်း ရီးရဲမက်ဒရစ်၏ ကင်းထောက်များက အကြံပြုခဲ့ကြောင်း သတင်းရရှိသည်။

လာလီဂါတွင် ရီးရဲမက်ဒရစ်၏ အဓိက ပြိုင်ဘက်ဖြစ်သော ဘာစီလိုနာ အသင်းသည် လီဗာပူးလ် ကွင်းလယ်လူ ကော်တင်ဟိုအား ယခုတစ်ပတ်အတွင်း ပြောင်းရွှေ့ကြေး မြောက်များစွာဖြင့် ခေါ်ယူခဲ့ပြီးနောက် ရီးရဲမက်ဒရစ်အနေဖြင့် လီဗာပူးလ်၏ ဂိုးသွင်းအကောင်းဆုံးကစားသမားဖြစ်သူ ဆာလပ်ကို ရရှိရန် ကြိုးစားသင့်ကြောင်း ရီးရဲ၏ ကင်းထောက်များက ဆိုသည်။

ဆာလပ်သည် လီဗာပူးလ်တွင် ပထမ ရာသီဝက်သာ ဖြတ်သန်းရသေးသော်လည်း ဘာစီလိုနာသို့ပြောင်းရွှေ့သွားသော ကော်တင်ဟိုထက် ပိုမိုတောက်ပနေသူဖြစ်သည်။ ဆာလပ်သည် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့တွင် အီတလီကလပ် ရိုးမားအသင်းမှ လီဗာပူးလ်အသင်းထံသို့ ပြောင်းရွှေ့ကြေး ပေါင် ၃၇ သန်းဖြင့် ရောက်ရှိလာပြီး လက်ရှိတွင် လီဗာပူးလ်အသင်းအတွက် သွင်းဂိုး ၂၂ ဂိုးအထိ သွင်းယူထားသူ ဖြစ်သည်။

ထို့ကြောင့် ရီးရဲမက်ဒရစ်၏ ဘောလုံးကင်းထောက်များသည် လီဗာပူးလ်ကစားသမား ဆာလပ်ကို ရီးရဲမက်ဒရစ်အတွက် ခေါ်ယူရန် အလိုရှိနေပြီး ကမ္ဘာ့အဆင့်ရှိသော ဆာလပ်၏ ခြေစွမ်းများကိုလည်း သဘောကျနေကြောင်း သိရသည်။ ရီးရဲမက်ဒရစ်အသင်းသည် နွေရာသီ အပြောင်းအရွှေ့ကာလတွင် ကမ္ဘာ့အဆင့် ကစားသမားများ ခေါ်ယူနိုင်ခဲ့ခြင်း မရှိသလို လက်ရှိတွင်လည်း အသင်း၏ တိုက်စစ်၌ ခြေစွမ်းကျဆင်းနေသည့် ဘန်ဇီးမားနှင့် ဂါရက်ဘေးလ်တို့ကို ရောင်းထုတ်၍ တိုက်စစ်အားသန်သည့် ကစားသမားတစ်ဦးကို ခေါ်ယူရန် ရှာဖွေနေကြောင်း သိရသည်။

NN

Leave a Reply