စစ်ဘေးရှောင်စခန်းများတွင် စာမေးပွဲဖြေဆိုသူ ကျောင်းသူကျောင်းသား ၈၅၉ ဦးထိ

0
95

ဖေဖော်ဝါရီ ၆
ညိုမှိုင်း

အခြေခံပညာဌာနမှ KG တန်းမှ တတိယတန်းနှင့် အလယ်တန်းဆင့်တွင် သတ္တမတန်းကျောင်းသူကျောင်းသားများအား ယခုလ ၄ ရက်နေ့မှစတင်ကာ အတန်းတင်စာမေးပွဲများစစ်ဆေးလျက်ရှိသည်။

အဆိုပါစာမေးပွဲဖြေဆိုနေသည့် ကျောင်းသူကျောင်းသားများထဲတွင် ရခိုင်မြောက်ပိုင်းဒေသမှ စစ်ဘေးရှာင်ကလေးငယ် ၈၅၉ ဦးပါဝင်နေပြီး ၎င်းတို့အား ယာယီနေထိုင်လျက်ရှိသည့် ကယ်ဆယ်ရေးစခန်းများတွင် စာမေးပွဲဖြေဆိုခွင့်ပြုထား ကြောင်း ရခိုင်ပြည်နယ် ပညာရေးဌာနကပြောသည်။

“စာမေးပွဲက အခုလ ၄ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ စစ်ဆေးနေတာဖြစ်ပါတယ်။ စစ်ဘေးရှောင်စခန်းတွေမှာရှိတဲ့ ကျောင်းသူကျောင်းသားတွေကိုတော့ သူတို့နေထိုင်နေတဲ့ သက်ဆိုင်ရာကျောင်းတွေမှာပဲ ဖြေဆိုခိုင်းထားတာပါ။ အကုန်လုံးကတော့ မြို့နယ် ၄ မြို့နယ်အတွင်းမှာ ကျောင်းသားဦးရေက ၈၅၉ ယောက်ရှိပါတယ်။”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။

ထို့အပြင် စစ်ဘေးရှောင်ကျောင်းသားများထဲတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုမည့်ကျောင်းသား ၃ ဦးပါဝင်နေပြီး ယင်းကျောင်းသားသုံးဦးတို့မှာ ဒေသတည်ငြိမ်နေပြီဖြစ်သည့်အတွက် မိမိနေရပ်သို့ပြန်လည်သွားရောက် နေထိုင်နေကြပြီဖြစ်သည်။
“အဲဒီကျောင်းသားတွေကို စားမေးပွဲဖြေဆိုဖို့အတွက် မူလကျောင်းကို ပြန်သွားလို့မရတဲ့အတွက် လက်ရှိကျောင်းတွေမှာပဲ ဖြေဆိုနိုင်အောင် စီစဉ်ထားတာပါ။ အစိုးရကျောင်းသားတွေပါတယ်။ ဘက ကျောင်းသားတွေပါတယ်။ အားလုံးကို သက်ဆိုင်ရာကျေင်းတွေက လုပ်တဲ့မေးခွန်းတွေနဲ့ပဲ ဖြေဆိုနေကြတာပါ။”ဟု ဦးစိန်ထွန်းလှက ပြောသည်။

တချို့ကျောင်းများတွင် မူလကျောင်းနှင့်တွဲချိတ်ထားသည့် ကျောင်းများမှပြုလုပ်သောမေးခွန်းလွှာများကို ယူဆောင်ရန် လွယ်ကူပါက ယင်းကျောင်းများမှမေးခွန်းလွှာများဖြင့် ဖြေဆိုခွင့်ပြုထားခြင်းဖြစ်ကာ မလွယ်ကူသည့်ကျောင်းများအတွက် လက်ရှိနေထိုင်သည့်ကျောင်းများမှ မေးခွန်းလွှာများဖြင့်သာ ဖြေဆိုကြရမည်ဖြစ်သည်။

“စာမေးပွဲတော့ ဖြေနေကြပါပြီ။ ဖြေနိုင်တယ်လို့တော့ပြောကြတယ်။ ကလေးတွေက ရွာကိုပြန်သွားလို့မရတော့ ဒီမှာ စခန်းမှာပဲ ဖြေကြရတာပေါ့။”ဟု တောင်မင်းကုလားစခန်းက စစ်ဘေးရှောင်ကျောင်းသားမိဘတစ်ဦးက ပြောသည်။

စားမေးပွဲဖြေဆိုနေကြသည့် စစ်ဘေးရှောင်ကျောင်းသူကျောင်းသား ၈၅၀ ကျော်တို့မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်မြို့နယ်များရှိ ကယ်ဆယ်ရေးစခန်း ၁၁ ခုတို့မှ နေရာပေါင်း ၃၃ နေရာတွင်ဖြေဆိုနေကြခြင်းဖြစ်ကြောင်း ပညာရေးဌာနမှ သိရသည်။

Leave a Reply