မီးညှိမ်းသတ် ပြန်လာသည့် မီးသတ်ယာဉ်နှစ်စီး တိုက်မိမှုဖြစ်

0
106

ဖေဖော်ဝါရီ ၇
နိုင်လင်းဦး

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မနော်ဟရီလမ်း နှင့် ၆၂ လမ်းထောင့်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့က မီးညှိမ်းသတ် ပြန်လာသည့် မီးသတ်ယာဉ်နှစ်စီး တိုက်မိမှုဖြစ်ပွားခဲ့သည် ။

ချမ်းမြသာစည်မြို့နယ် လမ်း ၆၀ နှင့် ၆၁ လမ်းကြား ၊ သဇင်လမ်း နှင့် ကံ့ကော်လမ်းကြား ပိတောက်လမ်းသွယ်တွင် ဖေဖော်ဝါရီလ ၇ ရက်နေ့ နံနက် ၆ နာရီ ၃၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ယင်းမီးလောင်မှုအားညှိမ်းသတ်ပြန်လာသည့် ယာဉ်များဖြစ်သည် ။

“လူတွေကတော့ ဘာမှထိခိုက်ဒဏ်ရာမရဘူး ။ ကားပဲ ပျက်စီးသွားတယ် ။ တစ်စီးက ချမ်းမြသာစည်မြို့နယ်ရုံးက တစ်စီးက မြို့သစ် (၂) လွှဲထားတဲ့ကားပါ ။ တစ်စီးက မနော်ဟရီက လာတယ် ။ တစ်စီးက ၆၂ လမ်းကလာတယ် ။ လမ်းဆုံရောက်တော့ မတော်တဆဖြစ်မိတာပါ။´´ ဟု မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ ခရိုင်ဦးစီးမှူး ဦးထက်အောင် က ပြောသည် ။

မီးလောင်မှုဖြစ်ပွားရခြင်းမှာ ဦးခင်မောင်တင့် (၃၄) နှစ်၏ ပေ ၂၀ × ပေ ၄၀ သွပ်မိုးထရံကာ နေအိမ်တွင် မီးဖြတ်စက်အပူလွန်ကဲရာမှ အနီးရှိ ထရံသို့ ကူးစပ်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ နေအိမ် (၁) လုံး နှင့် အသုံးအဆောင်ပစ္စည်း စုစုပေါင်း (၁၅၀၀၀၀) ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း မန္တလေးခရိုင် မီးသတ်တပ်ဖွဲ့ က သိရသည် ။

ယင်းမီးလောင်မှုနှင့်ပတ်သက်၍ ဦးခင်မောင်တင့် အား ချမ်းမြသာစည်မြို့နယ် အမှတ် (၁၁) ရဲစခန်းတွင် (ပ)၈၆/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည် ။

Leave a Reply