ကျောက်တော်မြို့မှ မသင်္ကာသူ ၂၅ ဦးကိုဖမ်း

0
80

ဖေဖော်ဝါရီ ၇
ညိုမှိုင်း

ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လာရောက်နေထိုင်ရန် ရောက်ရှိလာခဲ့ကြသည့် အမျိုးသား ၂၀ ကျော်နှင့် ၎င်းတို့တည်းခိုနေသည့် နေအိမ်ပိုင်ရှင်တို့အား ဖေဖော်ဝါရီလ ၃ ရက်နေ့ညက သံသယရှိသည်ဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဦးတက်တိုးဆိုသူတစ်ဦးကို ပြန်လည်လွတ်ပေးထားခဲ့ရာ မနေ့က စစ်ဆေးရန်ပြန်လည်ခေါ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံထားရသူ ၂၅ ဦးတို့မှာ ချင်းပြည်နယ် ပလက်ဝမြို့နယ် ချင်းလက်ဝ ကျေးရွာတွင်နေထိုင်သူ ၂၃ ဦးနှင့် ၎င်းတို့တည်းခိုနေသည့် နေအိမ်ပိုင်ရှင် ဒေါ်လှလှရီတို့လင်မယားဖြစ်ပြီး လက်ရှိတွင် ယင်း ၂၅ ဦးတို့အား စစ်တွေမြို့မရဲစခန်းတွင် ချုပ်နှောင်ထားကြောင်း ဒေသခံများကပြောသည်။

“ချင်းလက်ဝက ရောက်နေတဲ့သူတွေကို ဖမ်းဆီးတဲ့နေမှာ ဦးတက်တိုးဆိုတဲ့လူကို သူနဲ့မသက်ဆိုင်ဘူးဆိုပြီး ပြန်လွှတ်ပေးခဲ့တယ်။ မနေ့က စစ်ဆေးစရာတွေရှိတယ်ဆိုပြီး ရဲတပ်ဖွဲ့ပြန်ခေါ်တဲ့အတွက် ဒီကနေ့ စစ်တွေကို မိသားစုတွေ ပို့ဖို့သွားပါတယ်။ မသွားရင်လည်း အမှုဖွင့်ခံရမှာစိုးတဲ့အတွက် အပြစ်မရှိပေမယ့် စစ်ဆေးစရာတွေရှိတယ်ဆိုတဲ့အတွက် စစ်ဆေးခံဖို့ သွားပို့ကြတာပါ။”ဟု ကျောက်တော်မြို့ခံ ဦးဇော်ဝင်းကပြောသည်။

ဖမ်းဆီးခံထားရသူများမှာ ချင်းလက်ဝတွင် စီးပွားရေးလုပ်ကိုင်နေကြသူများဖြစ်ကြပြီး ဒေသတွင်းတိုက်ပွဲများဖြစ်ပွားနေသည့်အတွက် ကျောက်တောမြို့တွင် ယာယီနေထိုင်ရန်ရောက်ရှိလာခဲ့ကြခြင်းဖြစ်ကာ ၎င်းတို့ ကျောက်တော်မြို့ပေါ်တွင် တည်းခိုနေကြောင်းကိုလည်း သက်ဆိုင်ရာရက်ကွက်အုပ်ချုပ်ရေးမှူးအား အသိပေးတိုင်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

“အဲဒီလူတွေက ချင်းလက်ဝကနေ ကျောက်တော်မှာနေဖို့အတွက် ကြိုတင်လာရောက်ကြတာပါ။ နေရာအဆင်ပြေရင် မိသားစုတွေကိုခေါ်မယ်ဆိုပြီး လာခဲ့ကြတာပါ။ ဒါကို ရဲတပ်ဖွဲ့ကနေ ယောက်ျားတွေကျည်းပဲမို့ မသင်္ကာလို့ဆိုပြီး ဖမ်းဆီးခဲ့တာပါ။ အခုသူတို့ကို စစ်တွေမှရဲတပ်ဖွဲ့က စစ်ဆေးနေတယ်။ တွေ့ခွင့်မပေးဘူး။”ဟု ကျောက်တော်မြို့ခံ ဦးဇော်ဝင်းက ပြောသည်။

ယခုကဲ့သို့ နေအိမ်များတွင်လာရောက်တည်းခိုသူများအား သံသယဖြင့်ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်နေခြင်းမှာ ဒေသခံများအား ခရီးသွားလာခြင်း၊ ညအိပ်တည်းခိုခြင်းများမပြုလုပ်ရဲအောင် တမင်ဖန်တီးနေခြင်းဖြစ်ကြောင်း ဦးဇော်ဝင်းက ပြောသည်။

Leave a Reply