ခြေ/ဥ ပြင်ဆင်ရေးကော်မတီအား အချိုးကျ ဖွဲ့စည်းမည့် အပေါ် ကန့်ကွက်မှုများရှိ

0
188

ဖေဖော်ဝါရီ ၈
ယဉ်ကေနွယ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီအား အဖွဲ့ဝင် ၄၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရေးအတွက် လျာထားကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်မှ ပြောကြားခဲ့သည်။

အဆိုပါ ၄၅ ဦးတွင် ပူးပေါင်းကော်မတီ၏ဥက္ကဌအဖြစ် ပြည်ထောင်စုလွှတ်တော်ဒုတိယနာယက အပါအ၀င် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦးပါဝင်ရန် လျာထားခြင်းဖြစ်သည်။

ထို့ကြောင့် ပါတီများမှ ကိုယ်စားလှယ် အချိုးကျပါဝင်ရမည်ဟု လျာထားချက်အပေါ် ကန့်ကွက်မှုများရှိခဲ့ကြောင်း သိရသည်။

ထိုသို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက်ပူးပေါင်းကော်မတီအား အချိုးကျဖွဲ့စည်းမည့်အပေါ် ကန့်ကွက်ခဲ့ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကပြောသည်။

“ဂဏန်းသင်္ချာနည်းနဲ့ တွက်တာတော့ မှန်တယ်လို့ပဲပြောရမှာပေါ့။သို့သော်နိုင်ငံရေးအရ တကယ့် အရေးကြီိးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဖို့ ကော်မတီဖြစ်တဲ့အတွက် ဒါကို အင်အားချင်းမျှတဖို့ လိုတယ်။ အဲ့ဒါကြောင့်မို့လို့ ၅ ယောက်ကို ဆံထားမလား။ ၁၀ ယောက်ကို စံထားမလား။၁၀ ယောက်ကို စံထားရင် ၁၀ ယောက်ထက်ပိုတဲ့ လူလည်း ၁၀ ယောက်ပဲ ၁ ယောက်ရှိတဲ့ လူလည်း ၁၀ ယောက်ပဲ ။၁၀ ယောက်အောက်ရှိတဲ့ လူတွေကလည်း ၉ ယောက်ရှိ ၉ ယောက်လုံးတက် ၈ ယောက်ရှိ ၈ ယောက်လုံးတက် ၊ ဒီမူ မကောင်းဘူးလားလို့ ကျွန်တော်တို့ အကြံပြုတာပါ။ ဒီဟာနဲ့ ပတ်သက်လို့ မဆုံးဖြတ်သေးပါဘူးပြန်ပြီးတော့ ကိုယ့်ပါတီနဲ့ကိုယ်ဆွေးနွေးဖို့ ပြီးမှ ဆုံးဖြတ်ဖို့ ဒီလိုလေးတော့ လုပ်ထားပါတယ်။အတည်ပြုဖို့ လုပ်နေတာနဲ့ အားလုံးက ကန့်ကွက်ပါတယ်”ဟု ဦးသောင်းအေးကပြောသည်။

ယနေ့ နေပြည်တော်ရှိ လွှတ်တော်ဝင်းတွင်းရှိ ဇဗ္ဗျူသီရိခန်းမဆောင်တွင် ကျင်းပပြုလုပ်သည့် ပူးပေါင်းကော်မတီ၏ ပထမဆုံးအစည်းအဝေး ပြီးချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးသောင်းအေးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အချိုးဆိုသည့် စကားလုံးသည် မျှတမှုမရှိကြောင်း၊ဖွဲ့စည်းပုံ အခြေခံဥပဒေအားပြင်ဆင်မည်ဖြစ်သဖြင့် အင်အားမျှတရန်လိုအပ်ကြောင်း ဦးသောင်းအေးကပြောသည်။

“ကိုယ်က အကြံပြုတာက နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပြင်ဆင်မှာဖြစ်တဲ့အတွက် မျှတအောင်လုပ်လိုက်ပါ ။ဒီလို ဖွဲ့လိုက်ရင် NLD ကို အပြစ် ပြောလာစရာ အကြောင်းရှိတယ်။နောက် ဆုံးဖြတ်ချက်တွေမှာလည်း လွှဲသွားနိုင်တယ်ပေါ့။ဒါကြောင့် ဒါလေးကို စဉ်းစားဖို့ ပြန်ချိန်းလိုက်ကြပါတယ်။တပ်မတော်ဘက်ကတော့ ဒီပါဝင်မှုအားလုံးကို ပြန်ပြီးတော့ နောက်တစ်ပတ်ကျမှပဲပြန်ပြီးတော့ ဆုံးဖြတ်ကြမယ်လို့ပဲ ဆုံးဖြတ်ကြပါတယ်”ဟု ဦးသောင်းအေးကပြောသည်။

ထို့အတူ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များမှ လည်းဥပဒေအတိုင်းလုပ်ဆောင်ပေးရန်၊ထို့ပြင် အဖွဲ့အစည်းများမှ အားလုံးညှိနှိုင်း လုပ်ဆောင်ရန်ပြောဆိုခဲ့ကြောင်း သိရသည်။

လီဆူ အမျိုးသားတိုးတက်ရေးပါတီမှ ဦးလာမာလေးမှလည်း ” အချိုးကို ပြန်လုပ်ပေးဖို့အဲ့လိုပြောကြတာပေါ့။ပူးပေါင်းအဖွဲ့ကိုဖွဲ့ဖို့တော့ကန့်ကွက်တာတော့မဟုတ်ဘူး။သူတို့လည်းလက်ခံပါတယ်။ဒါပေမဲ့ ပူးပေါင်းအဖွဲ့ဖွဲ့တဲ့နေရာမှာ အချိုးကျဆိုတဲ့ ဟာကိုဆွေးနွေးတာနည်းနည်းလေးအဆင်မပြေတော့နောက်တစ်ပတ်ပြန်ချိန်းထားတယ်”ဟု ၎င်းကပြောသည်။

ပူးပေါင်းကော်မတီအား ဖွဲ့စည်းနိုင်ရေးအတွက် နောက်အပတ်သို့ ပြန်လည်ချိန်းဆိုလိုက်ကြောင်း သိရသည်။

“ဒါကြီးကအခုတောင် ပြင်ဆင်ရေးပူးပေါင်းကော်မတီဖွဲ့တာ အဆင်မပြေသေးဘူး။ဖွဲ့ပြီးတာလည်း လုပ်ပိုင်ခွင့်တွေ လုပ်ငန်းတာဝန်တွေ မပေးလိုက် နိုင်တဲ့ အတွက် ကိုယ်ထင်တယ်။ နောက်တစ်ခါလည်း လုပ်ပိုင်ခွင့်၊လုပ်ငန်းတာဝန်တွေ အတွက် အပြန်အလှန်ဆွေးနွေးကြအုံးမယ်ထင်တယ်”ဟု ဦးသောင်းအေးကပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအားပြင်ဆင်နိုင်ရေးအတွက် ပူးပေါင်းကော်မတီတစ်ရပ်အား ဖေဖော်ဝါရီလ ၆ ရက်နေ့က ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးလေ့လာသုံးသပ်ရေးကော်မတီကို ကိုယ်စားလှယ် ၁၀၃ ဦးဖြင့် ဇူလိုင်လ ၂၅ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ထို့အတူ ၂၀၁၄ ခုနှစ်ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ဖွဲ့စည်းပုံအခြေခံသပဒေပြင် ဆင်နိုင်ရေးအကောင် အထည်ဖော်မှုကော်မတီတစ်ရပ်ကို ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

Leave a Reply