မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူထံမှ သိမ်းဆည်းခဲ့သည့် ရွှေလက်ကောက်အစစ်များအား အတုဖြင့် လဲလှယ်ထားကြောင်း ရှင်းလင်း

0
300

ဖေဖော်ဝါရီ ၉
နိုင်လင်းဦး

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူထံမှ သိမ်းဆည်းခဲ့သည့် ရွှေလက်ကောက်အစစ်များအား အတုဖြင့် လဲလှယ်ထားကြောင်း ဖေဖော်ဝါရီလ ၉ ရက်နေ့က မီဒီယာစင်တာ (မန္တလေး) တွင် ဖမ်းဆီးခံရသူ၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည် ။

ကွတ်ခိုင်မြို့မှ အလောင်းတော်ကဿပ ဘုရားဖူးသွားသည့် ဒေါ်မြင့်သိန်းအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က (၁၆) မိုင်စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါးမိသည်ဟု ဆိုကာ ဖမ်းဆီး ၄င်းထံမှ ရွှေလက်ကောက် (၈) ကွင်း ၊ လက်စွပ် (၂) ကွင်း ၊ နားဋောင်း (၁) ရံ ၊ ရွှေ ကလစ် (၁) ခုတို့ကို သိမ်းဆည်းခဲ့သည် ။

သိမ်းဆည်းထားသည့် ရွှေထည် လက်ဝတ်လက်စားများအား ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့က အုန်းချောရဲစခန်းမှ တာဝန်ရှိ ရဲတစ်ဦးက ဒေါ်မြင့်သိန်း၏ သမီးဖြစ်သူ မလှလှဝင်းအားပြန်ပေးခဲ့ကြောင်း သိရသည် ။

“ကျွန်မပေးတော့ လက်ကောက် သုံးကွင်းက ကြီးနေတယ် ။ နောက်ပြီး ကြေးရောင်ပေါက်နေတယ် ။ ဒါနဲ့ အမေ့ကို သွားပြတော့ ဒါမဟုတ်ဘူးပြောတယ် ။ အမေ့အတွက်ရှေ့နေငှားဖို့ ငွေလိုလို့ သွားရောင်းတော့ သုံးကွင်းက အတုဖြစ်နေတယ်” ဟု ဒေါ်မြင့်သိန်း၏ သမီးဖြစ်သူ မလှလှဝင်း က ပြောသည် ။

ထို့အပြင် မိသားစုဝင်များအနေဖြင့် ဒေါ်မြင့်သိန်း အား အမှုဆင်ဖမ်းခြင်းဖြစ်ကြောင်း မှတ်ချက်ပေးပြောကြားခဲ့ပြီး ဒေါ်မြင့်သိန်း မှာ ကွတ်ခိုင်မြို့ က ထွက်လာကတည်းက လမ်းတွင် (၃) နေရာ အစစ်ဆေးခံခဲ့ရသော်လည်း ၄င်းထံတွင် မည်သည့်မူးယစ်ဆေးဝါးမှ မတွေ့ရှိခဲ့ကြောင်း သိရသည် ။

“မူးယစ်ဆေးဝါး ရှာလို့ သူက အိတ်ကို ရဲလက်ထဲအပ်လိုက်တာ အစက မတွေ့ဘူး ။ နောက်တော့ လက်ကောက်တွေတွေ့ပြီး အပေါ်ကို ထပ်ရှာတော့ မူးယစ်ဆေး ၄၅ ပြားတွေ့တယ်ဆိုပြီး အရေအတွက်ပါ တန်းပြောတယ် ။ တရားရုံး တင်တော့ ၄၂ ပြားဖြစ်နေတယ် ” ဟု ဒေါ်မြင့်သိန်းနှင့် ဆွေမျိုးတော်စပ်သူ ဦးဇော်လင်း က ပြောသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ဒေါ်မြင့်သိန်း၏ မိသားစုဝင်များက နိုင်ငံတော်သမ္မတထံ စာတင်တိုင်ကြားထားသည် ။ ဒေါ်မြင့်သိန်းအား စစ်ဆေးဖမ်းဆီးစဉ်က ပါဝင်သည့် ရဲတပ်ဖွဲ့ဝင်မျအား စုံခုံဖွဲ့စစ်ဆေးပြီးဖြစ်ကြောင်း အမှတ် (၁၇) မူးယစ်တပ်ဖွဲ့စု က သိရသည် ။

Leave a Reply