တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်အတွင်းက ဒေသခံအချို့ ပုဏ္ဏားကျွန်းမြို့နယ်သို့ ရောက်ရှိ

0
37

ဖေဖော်ဝါရီ ၁၁
ညိုမှိုင်း

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်အတွင်း ယမန်နေ့က တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် ချောင်းတူကျေးရွာသားအများစုတို့မှာ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာသို့ ထွက်ပြေးရောက်ရှိ ခိုလှုံလျက်ရှိသည်။

အဆိုပါတိုက်ပွဲမှာ နေ့လည် ၂ နာနရီခန့်ကစတင်ကာ ညနေ ၆ နာရီခန့်အချိန်ထိ မြန်မာ့တပ်မတော်နှင့် AA တို့အကြား နှစ်ဖက်အပြန် အလှန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည့်အတွက် ကျေးရွာသားများမှာ ကြောက်ရွံ့ပြီး ထွက်ပြေးလာခဲ့ကြခြင်းဖြစ်ကြောင်း ထွက်ပြေးလာခဲ့ကြ သူများကပြောသည်။

“ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာတော့ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ရွာနဲ့ ၆ ဖာလုံလောက်ပဲဝေးတဲ့နေရာမှာ ဖြစ်ကြတာပါ။ မနေ့ကနေ့လည် ၂ နာရီလောက်မှာစဖြစ်ပါတယ်။ ပစ်တာကတော့ အများကြီးပဲ။ ဆက်တိုက်ကိုကြားခဲ့ ရတယ်။ ဒါကြောင့် ရွာမှာမနေရဲလို့ ထွက်ပြေးလာကြတာပါ။”ဟု ကျေးရွာသား ဦးမြင့်မောင်ကပြောသည်။

ထို့အပြင် တိုက်ပွဲဖြစ်ပွားခဲ့သည့်နယ်မြေအတွင်း တပ်မတော်ဘက်က စစ်ကြောင်းလှုပ်ရှားမှုများရှိနေသည့်အတွက် ကျေးရွာသားများအနေဖြင့် နေရပ်သို့ပြန်လည်သွားရောက်နေထိုင်ရန်အတွက် စိုးရိမ်ကြောက်လန့်မှုများရှိနေကြပြီး လောလောဆယ်တွင် ပြန်လည်သွားရောက်ရန် အဖြစ်နိုင်သေးကြောင်း ထွက်ပြေးလာခဲ့ကြသူများကပြောသည်။

“မနေ့က ကျွန်မတို့ရွာနားမှာ တိုက်ပွဲတွေဖြစ်ကြတယ်။ ဒါကြောင့် ကျွန်မတို့ကြောက်ပြီးထွက်ပြေးလာတယ်။ ဘုန်းကြီးကျောင်းမှာလည်းစစ်တပ်က ၃၀ လောက်ရောက်နေပြီးတော့ ရွာမှာစစ်ဆေးမှုတွေလုပ်နေတယ်လို့ သတင်းရတယ်။ ဒါကြောင့် ကျွန်မတို့မပြန်ရဲဘူး။ ကြောက်တယ်။”ဟု ချောင်းတူကျေးရွာမှ ထွက်ပြေးလာသူ ဒေါ်မဌေးဝင်းကပြောသည်။

ယင်းကျေးရွာသားများမှာ လတ်တလော ထွက်ပြေးလာခဲ့ကြရ သည့်အတွက် အ၀တ်အထည်နှင့်တခြားလိုအပ်ချက်များရှိနေပြီး လောလောဆယ် နေရေးထိုင်ရေးအတွက် ယိုးတရုတ်ပင်မ ဘုန်းတော်ကြီးကျောင်းတွင်နေရာချထားပေးကာ စားရေးသောက်ရေး အတွက် ကျေးရွာသားများက ကူညီပေးထားကြောင်းသိရသည်။

Leave a Reply