ဝန်ကြီးချုပ်အဖြစ်ဝင်ရွေးကောက်ခံမယ့် မင်းသမီးကို အရည်အချင်းမပြည့်မီဘူးဆိုပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်ပယ်ချ

0
82

ဖေဖော်ဝါရီ ၁၁
နိုင်ငံတကာသတင်း

လာမယ့်မတ်လ ၂၄ ရက်မှာကျင်းပမယ့်ထိုင်းရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံကထွက်ပြေးနေတဲ့ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာရဲ့သစ္စာတော်ခံ ထိုင်းရက်ဆာချာ့ပါတီကိုယ်စားပြုပြီး ၀န်ကြီးချုပ်နေရာအတွက် ၀င်ရွေးကောက်ခံမယ့် ထိုင်းဘုရင် မဟာဝိဇယလောင်ကွန်းရဲ့အစ်မတော် အူဘော်ရာတာနာ မဟီဒေါရဲ့ကိုယ်စားလှယ်လောင်းလျှောက်လွှာကို အရည်အချင်းမပြည့်မီဘူးဆိုပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်က ဒီနေ့မှာပယ်ချခဲ့ပါတယ်။

ဒီနေ့မှာ ၀န်ကြီးချုပ်နေရာဝင်ရွေးကောက်ခံမယ့်ကိုယ်စားလှယ်လောင်းတွေစာရင်းထုတ်ပြန်ခဲ့ပြီး အဲဒီမှာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ မဟီဒေါရဲ့နာမည်မပါဝင်ခဲ့ပါဘူး။

ထိုင်းဧကရာဇ်ဟာ နိုင်ငံရေးရဲ့အပေါ်မှာရှိဖို့နဲ့ နိုင်ငံရေးသဘောထားမျှတဖို့လိုအပ်တာကြောင့် ထိုင်းတော်ဝင်အနွယ်တော်တွေထဲက ရွေးကောက်ခံဖို့လာလျှောက်ထားသူတွေကလည်း စည်းကမ်းတစ်ခုတည်းအောက်မှာ ရှိရမယ်လို့ ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ဟာ ထိုင်းဝန်ကြီးချုပ်နေရာအတွက် ရွေးကောက်ခံရမယ့်ကိုယ်စားလှယ်တွေလျှောက်လွှာနောက်ဆုံးတင်ရမယ့်နေ့ဖြစ်ပြီး အူဘော်ရာတာနာက အဲဒီနေ့မှာ လျှောက်လွှာတင်ခဲ့သလို လက်ရှိထိုင်းစစ်အစိုးရ၀န်ကြီးချုပ် ပရာရွတ် ချန်အိုချာကလည်း ၀န်ကြီးချုပ်အဖြစ်ပြန်ရွေးကောက်ခံဖို့ အဲဒီနေ့မှာပဲ လျှောက်လွှာပြန်တင်ခဲ့တာပါ။

အဲဒီနေ့ညပိုင်းမှာပဲ အစ်မတော်ရဲ့လုပ်ရပ်ဟာ မသင့်လျော်သလို ဖွဲ့စည်းပုံနဲ့မကိုက်ညီဘူးလို့ ထိုင်းဘုရင်က ကန့်ကွက်ခဲ့ပါတယ်။

စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးတဲ့ထိုင်းနိုင်ငံမှာ တော်ဝင်မိသားစုက နိုင်ငံရေးနဲ့ဝေးဝေးနေလေ့ရှိပါတယ်။

မင်းသမီးကို ကိုယ်စားလှယ်လောင်းအမည်တင်သွင်းခဲ့တဲ့ပါတီကို ရွေးကောက်ပွဲဝင်ခွင့်ပိတ်ဖို့ ကော်မရှင်ကိုတောင်းဆိုခဲ့တာတွေရှိနေပေမဲ့ ကော်မရှင်ကတော့ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘာမှမပြောခဲ့ပါဘူး။

အခုကျင်းပမယ့်ထိုင်းရွေးကောက်ပွဲဟာ ၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ်ကျင်းပတဲ့ရွေးကောက်ပွဲဖြစ်ပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews

Leave a Reply