ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဓားခုတ်ခံရမှုဖြစ်ပွား

0
86

ဖေဖော်ဝါရီ ၁၁
နိုင်လင်းဦး

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် မြင်းမူမြို့နယ် မဲနောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဓါးဖြင့်ခုတ်ခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည် ။

အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဝင်း (၅၂)နှစ် သည် မဲနောကျေးရွာနှင့် ခရုကျေးရွာ ကျေးရွာချင်းဆက် ကတ္တရာလမ်းဖောက်လုပ်ရန်အတွက် လမ်းနယ်နိမိတ်အတွင်းရှိ ဦးဝင်းအောင် (၄၉)နှစ် ၏ ယာခင်းအနီးမှ ထနောင်းပင်အား ခုတ်လှဲစဉ် ဦးဝင်းအောင် နှင့် စကားများခဲ့ကြောင်း သိရသည်။

ထိုသို့ သစ်ပင်ခုတ်သည့် ကိစ္စနှင့်ပတ်သက်၍ စကားများပြီး အုပ်ချုပ်ရေးမှူး ဦးတင်ဇော်ဝင်းအား ဦးဝင်းအောင် က အရိုးအသွား ၁ တောင်ထွာခန့်ရှိ ဓါးမဖြင့် ခုတ်သည့်အတွက် ဦးတင်ဇော်ဝင်း ၏ဝဲဘက်ပုခုံး နှစ်လက်မခန့် ပြတ်ရှ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ကာ မြင်းမူဆေးရုံတွင် တင်ပို့ထားကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ဦးဝင်းအောင် အား တောချောင်ဦးနယ်မြေ ရဲစခန်းတွင် (ပ) ၄/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည် ။

ထို့အပြင် ဇန်နဝါရီလ ၁၃ ရက်နေ့က မြင်းမူမြို့နယ် အင်းမကျေးရွာအုပ်စု အင်းမကျေးရွာတွင် ပြုလုပ်သည့် အလှူဆိုင်းဝိုင်း၌ အုပ်စု အုပ်ချုပ်ရေးမှူးအား ဓါးဖြင့် ခုတ်ခံရမှု ဖြစ်ပွားခဲ့ဖူးသည် ။

Leave a Reply