“အရင်ခေတ်ကလူတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ ညံ့နေကြတယ်” ဟု မန်းတိုင်း ဝန်ကြီးချုပ်ပြော

0
89

ဖေဖော်ဝါရီ ၁၂
နိုင်လင်းဦး

အရင်ခေတ်ကလူတွေနဲ့ ယှဉ်ရင် ကျွန်တော်တို့ ညံ့နေကြတယ် ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအပြီးတွင် မီဒီယာများကို ပြောကြားခဲ့သည် ။

မန္တလေးမြို့တွင် (၇၂) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နံနက်ပိုင်းက မန္တလာသီရိအားကစားကွင်းတွင် ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြသည် ။

“၇၂ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမှတ်တရစကားပြောချင်တာကတော့ ရင်ထဲမှာရှိတဲ့ဟာလေးတစ်ခု ။ဗိုလ်ချုပ်က ၁၉၃၃ ခုနှစ်မှာ တက္ကသိုလ်ရောက်တယ် ။အဲ့ဒီတော့ အသက်ဘယ်နှနှစ်ရှိမလဲဆို ၁၈ နှစ် ။သေတဲ့အချိန်မှာ ၃၃ နှစ် ။ အဲ့ဒီတော့ ဆယ်စုနှစ်တစ်ခုကျော်ကျော်လေးနဲ့ အင်္ဂလိပ်ရော ဂျပန်ရော တိုက်ထုတ်ပြီးတော့ လွတ်လပ်ရေးရအောင် ယူပေးနိုင်တယ် ။တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးရအောင် ယူပေးနိုင်တယ် ။ဆယ့်လေးနှစ်ထဲ ။ ကျွန်တော်တို့ အနှစ် ခုနစ်ဆယ်ဘာလို့ငြိမ်းချမ်းရေးရအောင် ယူမပေးနိုင်လဲ။ ကျွန်တော်တို့ ဗိုလ်ချုပ်နဲ့ ယှဉ်လိုက်ရင်တော်တော် ညံ့တယ်ပေါ့နော် ။အရင်ခေတ်ကလူတွေနဲ့ယှဉ်ရင် ကျွန်တော်တို့ ညံ့နေကြတာ ။´´ ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောသည် ။

ထို့အပြင် ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ (၂၁) ရာစု ပင်လုံကနေတစ်ဆင့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်များရပ်စဲပြီး မြန်မာနိုင်ငံကြီး ငြိမ်းချမ်းရေးရသည်ကို ပြည်သူအများ မြင်တွေ့စေချင်လိုကာ ဝိုင်းဝန်းကြိုးစားပေးစေလိုကြောင်း ၄င်းက ပြောသည် ။

“ခုကျွန်တော်တို့ အခွင့်အရေးကြီးကြုံပြီ ၂၁ ရာစုပင်လုံရှိလာပြီ ။ တိုင်းရင်းသားတွေနဲ့လည်း NCA လက်မှတ်ရေးထိုးထားတာတွေရှိတယ် ။ ၅၁ ချက် သဘောတူပြီးပြီ ။ အားလုံးပါဝင်ဖို့ဆိုတာလည်း ကြိုးပမ်းဆောင်ရွက်ပြီးပြီ ။ဒီအချိန်မှာ နိုင်ငံတစ်ခုလုံးအနေနဲ့ စဉ်းစားစေချင်တယ် ။ အဲ့ဒါမှသာ အပေးအယူ အလျော့အတင်းလုပ်ပြီးတော့ ငြိမ်းချမ်းရေးတည်ဆောက်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု သွားနိုင်မှာဖြစ်တယ်။ အဲ့ဒါလည်း အားလုံးရဲ့ပန်းတိုင် အားလုံးရဲ့ မျှော်လင့်ချက် “ဟု ဒေါက်တာဇော်မြင့်မောင် က ဆက်လက် ပြောသည် ။

Leave a Reply