အိပ်ခန်းအတွင်း ဝင်ရောက် လုယက်ခဲ့သည့် တရားခံ ဖမ်းဆီးရမိ

0
202
မန္တလေး၊ ဇန်နဝါရီ ၁၁ ၊ ၂၀၁၈
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်သာယာ(တ)ရပ်ကွက်အတွင်း ညအချိန် အိပ်ခန်းအတွင်းဝင်ရောက် လုယက်ခဲ့သည့် တရားခံအား ဇန်နဝါရီလ ၉ ရက်နေ့ က ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၃ နာရီအချိန်က မိတ္ထီလာမြို့ ပြည်သာယာ(တ)ရပ်ကွက်နေ ကိုမျိုးနိုင်ဝင်းသည် ဇနီးဖြစ်သူနှင့်အတူ မီးဖွင့်ပြီးအိပ်နေစဉ် အိပ်ခန်းတံခါးဂျက်အားဖွင့်၍ အမည်မသိလူတစ်ဦး ဝင်ရောက်ခဲ့သည် ။ ယင်းသို့ဝင်ရောက်ခဲ့သည့်အတွက် ကိုမျိုးနိုင်ဝင်း နှင့် ဇနီးမှာ လန့်နိုးခဲ့ပြီး ပြစ်မှုကျူးလွန်သူမှာ မျက်နှာကို အဝတ်စည်းထားသည့် အပြင် ဓါးမြှောင်ဖြင့် ကိုမျိုးနိုင်ဝင်း နှင့် ဇနီး တို့ကို “မလှုပ်နဲ့ ၊ အသံမထွက်နဲ့ အော်ရင်ထိုးမှာ´´ဟု ပြောဆိုကာ ၄င်းတို့ကို ဆောင်ခြုံအိပ်ခိုင်းခဲ့ကြောင်း သိရသည်။
ထို့နောက် အိပ်ယာခေါင်းရင်းရှိ စားပွဲပေါ်မှ စိန်တစ်ပွင့်ပါ လက်စွပ် (၁)ကွင်း ၊ စိန် (၁၂)ပွင့်ပါ လက်စွပ် (၁)ကွင်း ၊ ရိုးရိုး ရွှေလက်စွပ် (၁) ကွင်း အပြင် LG တံဆိပ်ဖုန်း (၁)လုံး ၊ VIVO တံဆိပ် ဖုန်း(၁) လုံး စုစုပေါင်း ၁၈ သိန်းကျပ် တန်ဖိုးရှိသည့် ပစ္စည်းများ ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သတ်ပြီး မိတ္ထီလာမြို့နယ် အမှတ်(၃)နယ်မြေခံ ရဲစခန်းတွင် (ပ)၅/၂၀၁၈ ၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ အရအမှုဖွင့်ပြီး စုံစမ်းဖော်ထုတ်ခဲ့ရာမှ ဇန်နဝါရီလ ၉ ရက်နေ့ က ဖမ်းဆီးရမိခဲ့သည်။
“အရင်ဆုံး ယူထားတဲ့ ဖုန်းအမျိုးအစားကို တွေ့တယ်ဆိုပြီး သတင်းပေးလာတဲ့အတွက် သွားစစ်လိုက်တယ် ။ သွားစစ်တော့ အဲ့ဒီဖုန်းကို လက်ဝယ်တွေ့ရှိသူက သူငယ်ချင်းတစ်ယောက် က အပ်ထားတယ် ဆိုပြီးပြောတယ် ။ အဲ့ဒါကနေ တစ်ဆင့် တရားခံကို ဖမ်းဆီး ရမိခဲ့တာဖြစ် တယ်”ဟု မိတ္ထီလာမြို့နယ်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သူ နောင်နောင် (ခ) နောင်လင်းထက် အား ဖမ်းဆီးထားပြီး တရားရုံတင် စစ်ဆေးနိုင်ရန် ဆောင်ရွက်နေကြောင်း သိရသည်။
နိုင်လင်းဦး

Leave a Reply