အစိုးရလုပ်ငန်းတွေရပ်ဆိုင်းမယ့်ဥပဒေကြမ်းကို သဘောတူခဲ့ပြီးနောက် နယ်စပ်တံတိုင်းဆောက်နိုင်အောင် အရေးပေါ်အခြေအနေကြေညာဖို့ ထရမ့်ကတိပြု

0
97

ဖေဖော်ဝါရီ ၁၅
နိုင်ငံတကာသတင်း

ကွန်ဂရက်လွှတ်တော်ရဲ့ခွင့်ပြုချက်မပါဘဲ အမေရိကန်-မက္ကဆီကိုနယ်စပ်တံတိုင်းအတွက် ရန်ပုံငွေရနိုင်ဖို့ အမျိုးသားအရေးပေါ်အခြေအနေကြေညာမယ်လို့ မနေ့က အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က ကတိပြုပါတယ်။

အစောပိုင်းတုန်းက တံတိုင်းရန်ပုံငွေအမေရိကန်ဒေါ်လာသန်း ၅၇၀၀ ပေးဖို့ ကွန်ဂရက်လွှတ်တော်ကို ထရမ့်တောင်းဆိုခဲ့ပေမဲ့ လွှတ်တော်က ရန်ပုံငွေမချပေးခဲ့တဲ့နောက်ပိုင်းမှာ တံတိုင်းရန်ပုံငွေမပါတဲ့အစိုးရရသုံးငွေစာရင်းကို ထရမ့်က အတည်ပြုလက်မှတ်ထိုးခဲ့တာပါ။

မနေ့က ဆီးနိတ်လွှတ်တော်ရော၊ ဟောက်စ်လွှတ်တော်ရောက အတည်ပြုခဲ့တဲ့အဲဒီဥပဒေကြမ်းမှာ ခြံခတ်ဖို့နဲ့ တခြားနယ်စပ်လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာသန်း ၁၃၀၀ ခွင့်ပြုခဲ့ပေမဲ့ ထရမ့်ရဲ့ရွေးကောက်ပွဲကတိက၀တ်မှာ တရားမ၀င်ရွှေ့ပြောင်းအခြေချမှုနဲ့ မူးယစ်ဆေးတွေအတွက်လိုအပ်တယ်လို့ပြောတဲ့ နယ်စပ်တံတိုင်းအတွက်တော့ မပါဝင်ပါဘူး။

ကွန်ဂရက်လွှတ်တော်က ထိပ်တန်းဒီမိုကရက်အမတ်တွေကတော့ ထရမ့်ရဲ့လုပ်ရပ်ကို ရှုတ်ချနေပါတယ်။

ဆီးနိတ်လွှတ်တော်က လူများစုရီပတ်ဘလစ်ကန်ခေါင်းဆောင် မစ်ခ်ျ မက်ကောနယ်က အရေးပေါ်အခြေအနေကြေညာတာကို ထောက်ခံသွားမယ်လို့ ပြောပါတယ်။

အရေးပေါ်အခြေအနေကြေညာတာဟာ အကျပ်အတည်းတွေ့နေရတဲ့အချိန်မှာမှဖြစ်ပြီး အခုဖြစ်ရပ်မှာတော့ အမေရိကန်-မက္ကဆီကိုနယ်စပ်ကိုရောက်နေတဲ့ရွှေ့ပြောင်းအခြေချသူတွေကြောင့် ကြေညာရတာလို့ ထရမ့်ကပြောပါတယ်။

လက်ရှိစစ်တပ်(ဒါမှမဟုတ်)သဘာဝဘေးကယ်ဆယ်ရေးအသုံးစရိတ်တွေကို တံတိုင်းဆောက်ဖို့ ပြောင်းပြီးသုံးနိုင်ပါတယ်။

Source-Reuters
#ဥက္ကာ
#TheFifthWaveNews

Leave a Reply