တောင်သူများအတွက် အမှန်တကယ် လိုအပ်မှသာ ပဲဝယ်ယူရန် စီစဉ်မည်

0
38

ဖေဖော်ဝါရီ ၁၈
ဝေဝေဖြိုး

ပြည်တွင်းပဲကုန်သည်များအနေဖြင့် တောင်သူများ အတွက် အမှန်တကယ် လိုအပ်မှသာ ပဲဝယ်ယူရန် စီစဉ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးကပြောသည်။

အိန္ဒိယနိုင်ငံ၏ မူဝါဒအပြောင်းအလဲများကြောင့် ပြည်တွင်း၌ ပဲဈေးနှုန်းများကျဆင်းခဲ့သဖြင့် တောင်သူများနစ်နာမှု မရှိစေရန် ပဲကုန်သည်များက ဈေးနှုန်းတစ်ခု သတ်မှတ်၍ တောင်သူများထံမှ ပဲဝယ်ယူရန် စီစဉ်နေခြင်းဖြစ်သည်။

“ပဲဝယ်ဖို့ မဝယ်ဖို့က ပဲဈေးအဈေးအပေါ်မှာ သတိထားစောင့်ကြည့်နေတယ် လိုအပ်တယ်ဆို ဝယ်မှာပါ။အခုချိန်ထိတော့ အစိုးရဘက်က ချေးငွေတောင်းဖို့ စီစဉ်နေတယ်။ ပုဂ္ဂလိကအများပိုင်ကုမ္ပဏီတွေကနေ ထုတ်သုံးနိုင်တဲ့အနေထားတွေ တွက်ချက်နေတယ်။
ဘယ်ဈေးဝယ်မယ်၊ ဘယ်လိုလုပ်မလဲဆိုတာ တိတိကျကျမထွက်သေးပါဘူး။ တောင်သူတွေအတွက် တကယ်လိုအပ်မှသာ ထုတ်ဝယ်မှာပါ။ ဖြစ်သင့်တဲ့ဈေး ပြန်ဖြစ်လာရင်တော့ ဝယ်ဖြစ်ချင်မှ ဝယ်မှာပါ။အခုရက်ပိုင်းမှာ နဲနဲလေးပြန်တက်လာတာကြောင့် ချိန်ဆနေရတဲ့အချိန်ဖြစ်နေတာပါ”ဟု ၎င်းကပြောသည်။

အိန္ဒိယနိုင်ငံဘက်မှ ပြီးခဲ့သည့် ဇန်န၀ါရီလကုန်​ပိုင်းမှ စတင်၍ ၎င်းတို့ ဆိပ်ကမ်းရောက် ကုန်ပစ္စည်းများကို အကောက်အခွန် ရှင်းလင်းခြင်း ရပ်ဆိုင်းလိုက်သည့် အကျိုးဆက်ကြောင့် ပဲပုံမှန်ဝယ်ယူနေသော အိန္ဒိယ၀ယ်လက်များမှာ လက်ရှိအချိန်​ထိ ဝယ်​ယူမှု ရပ်တန့်​ထားခြင်းဖြစ်သည်။

ထို့ကြောင့် ယခုလ ၂၁ ရက်တွင် အိန္ဒိယနိုင်ငံ၌ ပြုလုပ်မည့် အာဆီယံ-အိန္ဒိယ အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်ဦးဆောင်ကာမြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ၊ကုန်စည်ဒိုင်များ မှတက်ရောက်၍ သီးသန့်ကိုတာ သတ်မှတ်ပေးရေး ၊G to G ပဲတင်ပို့နိုင်ရေးကိစ္စရပ်များကို ဆွေးနွေးသွားမည်ဟုဆိုသည်။

“အာဆီယံ အိန္ဒိယအစည်းအဝေးကို သွားမှာပါသံရုံးကနေတဆင့် ဟိုဘက်က တာဝန်ရှိတဲ့သူတွေနဲ့ ပြည်ထောင်စု ဝန်ကြီးနဲ့ဆွေးနွေးဖြစ်မှာပါ။ချန်နိုင်းဆိပ်ကမ်းက ပိတ်ထားတဲ့ဟာက မနေ့က သိရတာက တချို့ပစ္စည်းတွေ စထုတ်လို့ရတယ်ဆိုပြီး အသံတွေထွက်လာတယ် သူတို့ရဲ့မူဝါဒအပြောင်းအလဲ တွေကလဲ မျက်ချေမပြက် ကြည့်နေရတဲ့သဘောဖြစ်နေတယ်။ သူတို့မူဝါဒအပြောင်းလဲက ပြန်ငြိမ်သွားမယ်ပြန်ဖွင့်မယ်ဆို ဈေးကွက်မှာ ပုံစံပြောင်းသွားနိုင်တယ်။အခုသွားမယ့် အစည်းအဝေးမှာလဲ ဘယ်လိုတုံ့ပြန်မလဲဆိုတာက အရေးကြီးတယ်။အဲ့တာတွေပြီးလို့ ပဲဈေးက ပြန်ငြိမ်သွားတယ်ဆို ပုံမှန်အရောင်းအဝယ် ဖြစ်နေမှာပါ”ဟု ဦးမင်းကိုဦးကပြောသည်။

အိန္ဒိယ၏ မူဝါဒအပြောင်းအလဲကြောင့် ပဲဈေးနှုန်းများ ကျဆင်းလာခဲ့ရာ ယခုရက်ပိုင်းတွင် ပဲဈေးများ အနည်းငယ် ပြန်တက်လာခဲ့သည်။

ပြည်တွင်းပဲဈေးကွက်၌ မတ်ပဲ တစ်တန်လျှင် ကျပ် ငါးသိန်းခုနှစ်သောင်းထိ ကျဆင်းခဲ့ရာမှ ဖေဖော်ဝါရီလ ၁၈ ရက်တွင် ခြောက်သိန်းနှစ်သောင်းထိ ပြန်တက်လာခဲ့ပြီးပဲစင်းငုံမှာ ခြောက်သိန်းရှစ်သောင်းထိ ကျဆင်းခဲ့ရာမှ ခုနှစ်သိန်းငါးထောင်အထိ ပြန်လည်မြင့်တက် လာခဲ့သည်။

လက်​ရှိတွင်​ ပြည်တွင်း၌ ပဲလက်ကျန်​အနေဖြင့်​ ပဲစင်းငုံ တန်ချိန် ၆ သောင်းဝန်းကျင်နှင့် မတ်ပဲ တန်ချိန် ၁ သိန်းခွဲခန့် လက်ကျန်ရှိနေပြီး ပဲစင်းငုံနှင့်ပဲတီစိမ်းမှာ ပဲအသစ်များပေါ်နေပြီဖြစ်ကာ မတ်ပဲမှာ ယခုလကုန်ပိုင်းတွင် စတင်ပေါ်လာမည်ဖြစ်သည်။

လက်​ရှိတွင်​ မတ်​ပဲ ၊ ပဲစင်းငုံများကို အိန္ဒိယအပြင်​ ဘင်္ဂလားဒေ့ရှ် ၊ပါကစ္စတန်​ ၊ နီပေါ ၊ ဒူဘိုင်း ၊ ယူအေအီး ၊ မလေးရှား နှင့်​ အင်​ဒိုနီးရှား နိုင်​ငံများကို တင်​ပို့လျက်​ရှိသော်​လည်း ယင်းနိုင်​ငံများမှ ဝယ်​ယူမှုသည်​ တစ်​နှစ်​လျှင်​ တန်​ချိန်​ သုံးသောင်းခန့်​သာ အများဆုံး ဝယ်​ယူကြသောကြောင့်​ တန်​ချိန်​ ခြောက်​သိန်းခန့်​ ဝယ်​ယူနေသည့်​ အိန္ဒိယ ဈေးကွက်​နှင့်​ ယှဉ်​ပြိုင်​၍မရကြောင်း ၎င်းကဆိုသည်​။

ယခုနှစ်​ ပဲစင်းငုံစိုက်​ပျိုးရာတွင်​ စိုက်​ဧက ၂၀ ၊၂၅ ရာခိုင်​နှုန်းခန့်​သာ အများဆုံး စိုက်​ပျိုးသည့်​အတွက်​ တန်​ချိန်​ ငါးသောင်းခန့်​သာ ထွက်​ရှိနိုင်​ပြီး မတ်​ပဲမှာ ၈၀ ရာခိုင်​နှုန်းခန့်​ စိုက်​ပျိုးသည့်​အတွက်​ အများဆုံး တန်​ချိန်​ လေးသိန်းကျော်​ခန့်​သာ ထွက်​ရှိမည်​ဟု ခန့်​မှန်းထား ကြောင်း ၎င်းကပြောသည်​။

ယခုဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်မှ ဇန်န၀ါရီလ ၃၁ ရက်အထိ အိန္ဒိယနိုင်​ငံသို့ မတ်ပဲတန်ချိန် ၃ သိန်းကျော်နှင့် ပဲဇင်းငုံတန်ချိန် ၅ သောင်းကျော် တင်ပို့ထားကြောင်း စီးပွားရေးကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန စာရင်းများအရ သိရသည်။

Leave a Reply