မြောက်ဦးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွား

0
49

ဖေဖော်ဝါရီ ၁၉
ညိုမှိုင်း

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်း ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်ခန့်အချိန်က စတင်ကာ မြန်မာ့တပ်တော်နှင့် AA တို့အကြား တိုက်ပွဲများဖြစ်ပွားနေကြောင်း ဒေသခံများကပြောသည်။

အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့်နေရာမှာ မြောက်ဦးမြို့နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်နှင့်အစပ် ကျောက်ဆည်ပြင် နှင့် ရန်အောင်ပြင်ကျေးရွာအကြား အနီးတဝိုက်တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တယ်ဆိုတာဟုတ်ပါတယ်။ ကျောက်ဆည်ပြင်ကျေးရွာနဲ့ ရန်အောင်ပြင်ကျေးရွာအကြားမှာဖြစ်ပွားနေတာပါ။ ရန်အောင်ပြင်ကျေးရွာနားက ပတင်းဆိုတဲ့နေရာမှာဖြစ်ပွားနေတာလို့သိရပါတယ်။ တိုက်ပွဲဖြစ်နေတဲ့နေရာက ပစ်ခတ်တာတွေကို တောင်ဦးရွာကနေ ကြားနေရပါတယ်။”ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်များပစ်ခတ်မှုများရှိနေပြီး လက်ရှိတွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေကြောင်း ဦးထွန်းသာစိန်က ဆက်လက်ပြောကြားသည်။

“တိုက်ပွဲတော့ဖြစ်နေတုန်းပဲ။ ပြီးခဲ့တဲ့နာရီဝက်လောက်က စပြီးဖြစ်တာပေါ့။ လက်နက်ကြီးသံတွေလည်းကြားရတယ်။ ရွာသားတွေထိခိုက်မှုရှိမရှိတော့မသိရသေးဘူး။ ကျေးရွာတွေကို ဆက်သွယ်လို့မရသေးဘူး။”ဟု ဦးထွန်းသာစိန်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်းကလည်း အဆိုပါဒေသဖြစ်သည့် မြောက်ဦးမြို့နယ်ရမ်းချောင်းထဲတွင် မြန်မာ့တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။

Leave a Reply