စစ်ကိုင်းမြို့ ကောင်းမှုတော်ဘုရားကို ထုံးသင်္ကန်းပြန်လည် ကပ်လှူမည်

0
161

မန္တလေး၊ ဇန်နဝါရီ ၁၁၊ ၂၀၁၈

စစ်ကိုင်းမြို့ရှိ ရာဇာမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီး၏ လက်ရှိ ရွှေဆေးသင်္ကန်းမှ ထုံးသင်္ကန်းပြန်လည်ကပ်လှူနိုင်ရေးအတွက် စစ်ကိုင်းမြို့ မှ မြို့မိ မြို့ဖများဦးဆောင်ပြီး ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ဝတ်ပြုအသင်းများ စုပေါင်း၍ အများပြည်သူ၏ သဘောထားကောက်ခံ သွားမည်ဖြစ်သည်။

ထိုသို့ သဘောထားကောက်ခံရန်အတွက် ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကိုင်းမြို့ရှိ သုဓမ္မာမြို့လယ်ဓမ္မာရုံတွင် တွေ့ဆုံညှိနှိုင်းမှုများပြုလုပ် ခဲ့သည်။

“အဓိကကတော့ အားလုံးပါဝင်လာအောင်ဆောင်ရွက်တာပါ ။ ကျွန်တော်တို့မြို့မိမြို့ဖ က ဦးဆောင်လုပ်တယ်ဆိုပေမယ့် တစ်မြို့လုံးရဲ့ ဆန္ဒနဲ့ လုပ်ဆောင်တယ်ဆိုတာ ပေါ်လွင်စေချင်တယ်။ လူမှုရေးအသင်း အဖွဲ့တွေနဲ့ ဘုရားမှာ အမြဲဆွမ်းကပ်နေတဲ့လူတွေကလည်း ရပ်ကွက်တွေ မှာ ဆင်းပြီး ပြည်သူတွေရဲ့ သဘောထားကို ကောက်ခံသွားမှာဖြစ်တယ်” ဟု စစ်ကိုင်းမြို့ မြို့မိ မြို့ဖအဖွဲ့ အတွင်းရေးမှူး ဦးဇော်ဝင်းက ပြောသည်။

စစ်ကိုင်းမြို့သူ မြို့သားများအနေဖြင့် ရာဇာမဏိစူဠာ ကောင်းမှုတော် စေတီတော်မြတ်ကြီးကို ရွှေသင်္ကန်းထက် ထုံးသင်္ကန်း ကပ်လှူ ထားသည်ကို ပိုမိုဆန္ဒရှိကြောင်း သိရသည်။

“မြို့မိ မြို့ဖက ပေါ် ပြူ လာ ဖြစ်အောင် လုပ်တာပါ။သူတို့ နာမည်ကြီးအောင် လုပ်တာပါဆိုပြီး အဖြစ်မခံချင်ဘူး။ ဒီလိုလုပ်တာကလည်း နိုင်ငံရေး အသွေးအရောင်လည်း မပါ ပါဘူး။တစ်မြို့လုံး ခံစားမှု အားလုံးဟာ ဒီရွှေရောင်ကို မကောင်းဘူးလို့ မ ပြောဘူး။ တို့မျက်စိထဲမှာ မြင်နေကျ ဘုရားကြီးကို အဖြူရောင်နဲ့ပဲ ကြည်ညိုသဒ္ဓါပွားချင်တယ်။ ဒီဆန္နလေးနဲ့ တို့က လုပ်တာပါ”ဟု ဦးဇော်ဝင်းက ဆက်ပြောသည်။

ကောင်းမှုတော်စေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေ သင်္ကန်း ကပ်လှူပူဇော်မှုကို၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၂၂) ရက်နေ့တွင် သြဝါဒ ဆရာတော်ဘုရား ကြီး(၅)ပါးထံတွင် သြဝါဒခံယူပြီး ၂၀၁၀ ခုနှစ် ဒီဇင်ဘာလ (၂၃) ရက်နေ့စ၍ လုံးတော်ပြည့် ရွှေ သင်္ကန်း ကပ်လှူ ပူဇော်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့သည်။ ရွှေဆေး သင်္ကန်း ကပ်လှူရန် အ တွက် အလှူငွေ ကျပ်သိန်း (၇၀၀၀)ကျော် ရရှိခဲ့ပြီး ရွှေဆေးသင်္ကန်း ကပ်လှူမှု ကုန်ကျ ငွေ ကျပ်သိန်း (၃၅၀၀) ကုန်ကျကာကျန်ငွေများကို ဘဏ်စာရင်းဖွင့်၍ လုပ်ငန်းကော်မတီမှ အပ်နှံထားကြောင်း ဂေါပကအဖွဲ့၏ မှတ်တမ်းများ အရသိရသည်။

နိုင်လင်းဦး

Leave a Reply