မြို့နယ်ဖလား ဘောလုံးပြိုင်ပွဲ နှစ်ဖက်အသင်းသားများ ရန်ဖြစ်မှု ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက်ရှင်းလင်းခဲ့ရ

0
148

ဖေဖော်ဝါရီ ၁၉
နိုင်လင်းဦး

မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့၊ မြို့နယ်အား/ကာဘောလုံးကွင်းတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဖလားပြိုင်ပွဲတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ရှုံးထွက်အဆင့်ဘောလုံးပွဲစဉ် ကစားရာ နှစ်ဖက်အသင်းသားများနှင့် ပရိတ်သတ်များ ခိုက်ရန်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက်ရှင်းလင်းခဲ့ရကြောင်း သိရသည် ။

ယင်းပွဲစဉ်တွင် အုတ်တွင်းရွာအသင်းနှင့် အမှတ်(၁) ရပ်ကွက် ကိုယ်စားပြု RIVAL အသင်းတို့ ယှဉ်ပြိုင်ကစားရာ အုတ်တွင်းအသင်း က တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးသဖြင့် ဒိုင်ဖြစ်သူအားမကျေနပ်ကာ ကစားသမာအချင်းချင်း တစ်ဖက်နှင့်တစ်ဖက် ကွင်းအတွင်း ထိုးကြိတ်မှုဖြစ်ပွားခဲ့သည် ။

ထို့နောက် အုတ်တွင်းရွာသားများက ကာရံထားသည့် သံဇကာများကို ကျော်၍ RIVAL အသင်းကစားသမားများကို ဝင်ရောက်ထိုးကြိတ်ခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက်ထိန်းသိမ်းရာ အုတ်ခဲကျိုးများဖြင့် ကွင်းအတွင်း ပစ်ပေါက်ခဲ့ကြသည် ။

ထိုသို့ ပစ်ပေါက်ခဲ့သည့်အတွက် RIVAL အသင်းသားများဖြစ်သော ထိန်လင်း (၄၀) နှစ်၏ ဝဲလက်ပြင် ဖူးရောင်ဒဏ်ရာ၊ ချမ်းမြေ့ကိုကို (၂၇) နှစ်၏ ယာနားထင်ဖူးရောင်ဒဏ်ရာ၊ ချစ်ဦးမောင် (၂၅) နှစ်၏ ဝဲခြေသလုံးပွန်းပဲ့ ဖူးရောင်ဒဏ်ရာ နှင့် အောင်ဖြိုးဝေ (၃၀) နှစ်၏ ပုခုံးနာကျင်/ ဝဲဒူးပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့သည် ။

ထို့အပြင် လုံခြုံရေးယူပေးသည့် နွားထိုးကြီးမြို့မရဲစခန်း မှ ရဲတပ်သား လဂွန်းအိမ်၏ ယာဒူးဖူးရောင်ဒဏ်ရာ၊ ရဲတပ်သားဇေယျာအောင်၏ ဝဲလက်ဖမိုးပွန်းပဲ့ ဖူးရောင်ဒဏ်ရာ၊ ရဲတပ်သား သက်နိုင်ထွေး ၏ ဝဲခြေဖမိုး ဖူးရောင် နာကျင်ဒဏ်ရာ အသီးသီးရရှိခဲ့သည် ။

အုတ်တွင်းရွာသားများမှ အော်ဟစ်၍ ရဲတပ်ဖွဲ့ဝင်များအား ဝိုင်းဝန်းရန်ပြုသဖြင့် ၁၂ ဗို့ ပြောင်းချော သေနတ် ၂ လက်ဖြင့် ၂ ချက်၊ MA – 13 ဖြင့် ၄ ချက် မိုးပေါ်ပစ်ခတ်လူစုခွဲခဲ့ရာ အုတ်တွင်းရွာသား အောင်ဖြိုးဝေ ၁၂ ဗို့ ပြောင်းချော သေနတ်ကျည် ထိမှန်ခဲ့ကြောင်း သိရသည် ။

ယင်းဖြစ်စဉ်တွင် အုတ်တွင်းရွာသား ဦးအောင်သန်း (၆၁) နှစ်၊ ရဲမြင့် (၂၉) နှစ် နှင့် ဦးစိန်ဝင်း (၄၇) နှစ်တို့အား ဖမ်းဆီးရမိခဲ့ပြီး ၄င်းတို့ (၃) ဦးအား နွားထိုးကြီးမြို့မရဲစခန်းတွင် (ပ) ၆၂/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၃၂/၃၃၆/၃၂၃/၁၁၄ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည် ။

Leave a Reply