ရန်ကုန်မြို့ပြင်ပတ်လမ်းကို အပိုင်း ၄ ပိုင်းခွဲ တည်ဆောက်မည်

0
187

ဖေဖော်ဝါရီ ၂၀
ဝေဝေဖြိုး

ရန်ကုန်မြို့ပြင်ပတ်လမ်းကို အပိုင်း ၄ ပိုင်းခွဲကာ တည်ဆောက်သွားမည်ဖြစ်ပြီး အရှေ့ဘက်ခြမ်းအပိုင်းကို ပထမဆုံး တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ၊လမ်းဦးစီးဌာနမှ သိရသည်။

“မြို့ပြင်ပတ်လမ်းက ၁၄၀ ကီလိုမီတာလောက်ရှိနိုင်တယ်။အပိုင်းလေးပိုင်း ပိုင်းထားတယ်။အရှေ့ဘက်ခြမ်းကို အရင်တည်ဆောက်ဖို့ လျာထားတယ်။ ခြောက်လမ်းသွား အမြန်လမ်းမကြီးဖြစ်တဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ပမာဏက များတယ်။ဒီဇိုင်းတွေ ထုတ်ပြီးသွားရင် ရင်းနှီးမြှုပ်နှံမှုအတွက် လိုအပ်တဲ့ ပမာဏကို ခန့်မှန်းတွက်ချက်လို့ရတယ်။ အစိုးရရော ပုဂ္ဂလိကရော နှစ်ခုပေါင်းတဲ့စနစ်နဲ့ ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်”ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ၊လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကြည်ဇော်မြင့်က ပြောသည်။

ပထမဆုံးအနေဖြင့် အရှေ့ဘက်ခြမ်းအပိုင်းကို၂၀၂၁ ခုနှစ်တွင် စတင်အကောင်အထည်ဖော်နိုင်မည်ဖြစ်ပြီးအရှေ့ဘက်ခြမ်းတွင် ပဲခူးမြစ်ကူးတံတားတစ်စင်း ပါရှိမည်ဟုဆိုသည်။

ရန်ကုန်မြို့ပြင်ပတ်လမ်း၌ အရှေ့ဘက်ပိုင်းတွင်သီလဝါအထူးစီးပွားရေးဇုန် မှ လှည်းကူးအထိ ၊ အနောက်ဘက်ပိုင်းတွင် လှိုင်သာယာ မှ ဒလအထိ ၊ မြောက်ဘက်ပိုင်းတွင် လှည်းကူး မှ လှိုင်သာယာအထိနှင့် တောင်ဘက်ပိုင်းတွင် ဒလ မှ သန်လျင်အထိ အပိုင်း ၄ပိုင်းခွဲကာ တည်ဆောက်သွားမည်ဖြစ်သည်။

“သီလဝါစက်မှုဇုန် နဲ့ ရန်ကုန် – မန္တလေးအမြန်လမ်းကို ချိတ်ဆက်မှာပါ။မိုင်နှုန်း ၁၀၀ ကီလိုမီတာ အထိ မောင်းနိုင်တယ်။ လမ်းလွှဲ ၇ ခုနဲ့ လမ်းဆုံ ၂ ခုပါဝင်ပါတယ်။ အပြင်ပတ်လမ်းက တစ်ချို့နေရာတွေ မှာသာ မိုးပျံလမ်းပုံစံ ဆောက်မှာဖြစ်ပြီး အများစုက အမြန်လမ်းပုံစံအသစ် ဖောက်မှာပါ”ဟု ၎င်းကပြောသည်။

JICA ၏ ၂၀၄၀ Master Plan အရရန်ကုန်မြို့ကို စက်ဝိုင်းပုံစံပတ်မည့် အတွင်းပတ်လမ်း
အပြင်ပတ်လမ်း နှစ်ခုကို တည်ဆောက်မည်ဖြစ်ပြီးအတွင်းပတ်လမ်းတွင် မိုးပျံလမ်းပုံစံတည်ဆောက်မည် ဖြစ်သည်။

ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း ၁ အတွက် ဆန်ခါတင် အရည်အသွေး ပြည့်မီသည့် ကုမ္ပဏီ(၁၀)ခုထဲမှ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို ယခုနှစ်လယ်အတွင်း ကြေညာပေးမည်ဖြစ်ပြီး စီမံကိန်း အပိုင်း ၁ ကို ယခုနှစ်အတွင်း လုပ်ငန်းစတင်ရန် ပြင်ဆင်ထားကာ ၃နှစ်ခန့်ကြာမြင့်မည် ဟု ဆိုသည်။

ထို့ပြင် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်း အပိုင်း ၂ အတွက်ကိုလည်း ယခုနှစ်အတွင်း တင်ဒါဆက်လက် ခေါ်ယူသွားမည်ဟုဆိုသည်။

ရန်ကုန်မိုးပျံ အမြန်လမ်းမကြီး စီမံကိန်း အတွက်ရင်းနှီးမြှုပ်နှံလိုသူ အဆိုပြုလျှောက်လွှာတင်သွင်းသည့် ကုမ္ပဏီ ၅၃ ခုရှိပြီး ပြည်​တွင်းရှိ နာမည်​ကြီး ကုမ္ပဏီများအပါအဝင်​ ကုမ္ပဏီပေါင်း ၁၆ ခုနှင့် ပြည်​ပနိုင်​ငံ ကုမ္ပဏီများထဲတွင်​ တရုတ်​နိုင်​ငံမှ ၁၃ ခု ၊ဂျပန်​နိုင်​ငံမှ ၇ ခု၊ ကိုရီးယားနိုင်​ငံမှ ၄ ခု ၊အိန္ဒိယနိုင်​ငံမှ ၃ ခု ၊ ထိုင်းနိုင်​ငံမှ ၂ ခု ၊ တူရဂီနိုင်​ငံမှ ၂ ခု ၊ မ​လေးရှားနိုင်​ငံမှ ၁ ခု ၊အင်​ဒိုနီးရှားနိုင်​ငံမှ ၁ ခု ၊ ဖိလစ်​ပိုင်​နိုင်​ငံမှ ၁ ခု ၊ ဗီယက်​နမ်​နိုင်​ငံမှ ၁ ခု ၊ ပြင်​သစ်​နိုင်​ငံ ၁ ခု နှင့်​ မ​လေးရှားနှင့်​မြန်​မာဖက်​စပ်​ ကုမ္ပဏီက ၁ ခု တို့ပါဝင်သည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ ပူးပေါင်း၍ Public Private Partnership (PPP) အစီအစဉ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် ယင်း စီမံကိန်းသည် အစိုးရ၏ ဦးစားပေး ဆောင်ရွက်နေသည့် စီမံကိန်းတစ်ခုဖြစ်ပြီး ရန်ကုန်မြို့၏ ဆိုးရွားသည့် ယာဉ်ကြောပိတ်ဆို့မှုအား လျော့ကျစေရန်နှင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး လုပ်ငန်းများအတွက် ဆက်သွယ်ရေး ပိုမိုကောင်းမွန်လာစေရန်အတွက်​ အကောင်​အထည်​ဖော်​ဆောင်​ရွက်​မည့်​ စီမံကိန်း တစ်​ခုဖြစ်​သည်​။

ယင်းစီမံကိန်းသည်​ ရန်​ကုန်​မြို့တွင်း ၊ရန်​ကုန်​ဆိပ်​ကမ်း ၊ရန်​ကုန်​အပြည်​ပြည်​ဆိုင်​ရာ​လေဆိပ်​၊မင်္ဂလာဒုံစက်​မှုဇုန်​နှင့်​ ရန်​ကုန်​-မန္တ​လေးအမြန်​လမ်းတို့ကို ဆက်​သွယ်​​ပေးသွားမည်​ဖြစ်​​ကြောင်းသိရသည်​။

Leave a Reply