OBOR ဖိုရမ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်

0
211

ဖေဖော်ဝါရီ ၂၀
ယဉ်ကေနွယ်

တရုတ်နိုင်ငံပေကျင်းမြို့တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ်မြောက် One Belt One Road (OBOR )ဖိုရမ်တွင် နို်င်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တက်ရောက်၍ နားလည်မှု စာချွန်လွှာတွင် သဘောတူညီချက်များ လက်မှတ်ရေးထိုး သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးအောင်ထူးကပြောသည်။

“ဆန်းစစ်မှုတွေ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့တွေ ပထမအဆင့်မှာ ဘယ်လို လုပ်ငန်းစီမံကိန်းတွေ ဘယ်လုပ်ငန်းလုပ်ဆောင်မလဲဆိုတာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အဲ့ဒီဆုံးဖြတ်မှုနဲ့ ပတ်သက်ပြီးတော့ ပထမအဆင့်မှာ ပြည်ထောင်စုဝန်ကြီးဦးဆောင်တဲ့ အဖွဲ့ကသွားပြီးတော့ ဆွေးနွေးနေပြီဖြစ်ပါတယ်။အဲ့ဒီရလဒ်အပေါ် မူတည်ပြီးတဲ့ အခါကျတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တရုတ်ပြည်ကို သွားတဲ့ အခါမှာ ဆိုရင် လက်မှတ်ရေးထိုးဖို့ရှိပါတယ်။ကျွန်တော်တို့ဆီမှာ လုပ်မဲ့ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး နားလည်မှုစာချွန်လွှာတွေ သဘောတူညီချက်တွေ လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်”ဟု ဦးအောင်ထူးကပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ မေးခွန်းလာရောက်ဖြေကြားမှုအပြီးတွင် သတင်းမီဒီယာများ ၏မေးမြန်းမှုအပေါ် ဒုတိယ၀န်ကြီးမှ အထက်ပါအတိုင်းပြန် လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖိုရမ်ကို ပေကျင်းမြို့တွင် ဧပြီလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

OBOR စီမံကိန်းတွင် ပါဝင်နိုင်ရေးအတွက် မြန်မာနိုင်ငံမှ ၂၀၁၇ ခုနှစ်မှ စတင်ကတိက၀တ်ပြုခဲ့ပြီးသည့် နောက်ပိုင်းတွင် မြန်မာ-တရုတ်စီးပွားရေးစင်္ကြန်အကောင်အထည်ဖော်နိုင်ရေးအတွက် လုပ်ဆောင်လျှက်ရှိရာမှ မဟာဗျူဟာ ကျသည့် လုပ်ငန်းစီမံချက်များသာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ဦးအောင်ထူးကပြောသည်။

“ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်မယ်ဆိုရင် ကျွန်တော်တို့ အတွက် အကျိုးကျေးဇူးရနိုင်မယ်လို့ ယူဆတဲ့ အတွက်ကြောင့် မလို့ ဒီ OBOR အစီအစဉ်မှာ ကျွန်တော်တို့ ပါဝင် ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ် အကျိုးကျေးဇူးအများဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးအောင်ထူးကပြောသည်။

ယင်းစီမံကိန်းသည် ကျောက်ဖြူရေနက်ဆိပ်ကမ်းကဲ့သို့ဖြစ်သည့် အတွက် အသုံးချနိုင်မည်ဆိုပါက မြန်မာနိုင်ငံအပါအ၀င် နိုင်ငံတကာ အတွက် အကျိုးရှိနိုင်မည့် စီမံကိန်းဖြစ်ကြောင်း ဦးအောင်ထူး ကပြောသည်။

OBOR စီမံကိန်းသည် အဝေးပြေးအမြန် လမ်းမကြီးများ ၊ရေကြောင်းလမ်းများ၊ ရထားလမ်းများပါဝင်ပြီး အာရှတိုက်အတွင်း တရုတ်နိုင်ငံကို ဗဟိုပြု၍ အိမ်နီးချင်းနိုင်ငံများအပါအ၀င် ကုန်သွယ်ရေးအတွက် အရေးပါလာမည့် စီးပွားရေးစင်္ကြန် ပိုးလမ်းမစီမံကိန်း၊အာရှဗဟိုနှင့် တောင်အာရှ၊ အာဖရိက အရှေ့အလယ်ပိုင်းနှင့် ဥရေပဒေသများအား ဆက်သွယ်မည့် ကွန်ရက်တစ်ခုဖြစ်ကြောင်း သိရသည်။

ယင်းစီမံကိန်းကို တရုတ်သမ္မတရှိကျင့်ဖျင် မှ ချမှတ်ခဲ့သည့် စီမံကိန်းဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုငငံနှင့် ဒေသတွင်းနိုင်ငံများ၊ ယူရေးရှားနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွံ့ဖြိုးတိုးတက်မှုအား ဦးတည်သည့် စီမံကိန်း တစ်ရပ်ဖြစ်ကြောင်း လည်း သိရသည်။

Leave a Reply