အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ပုံစံတူ ကြေးရုပ် ထားရန် တိုင်းအစိုးရ ခွင့်ပြု

0
159

ဖေဖော်ဝါရီ ၂၁
နိုင်လင်းဦး

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တုအား အင်းဝမြို့ဟောင်းတွင်ထားရှိရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည် ။

သတိုးမင်းဖျား ပုံစံတူ ကြေးရုပ်တုအား သီတဂူဆရာတော်ဘုရားကြီး မိန့်ကြားချက်ဖြင့် ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ဦးစီး၍ ထုလုပ်ခြင်းဖြစ်ပြီး၂၀၁၇ ခုနှစ် ဇွန်လထဲက စတင်ထုလုပ်ခဲ့ကာ ၂၀၁၈ ခုနှစ် ဇွန်လထဲက ထုလုပ်ပြီးစီးခဲ့ပြီဖြစ်သည် ။

“တိုင်းဒေသကြီး အစိုးရကတော့ ခွင့်ပြုပြီးဖြစ်တယ် ။ အရင်ဦးဆုံး ရုပ်တုထားမယ့် ခုံလုပ်ရဦးမယ် ။ ခုံကိုတော့ ဆရာတော်ဘုရားကြီး (သီတဂူဆရာတော်ဘုရားကြီး) မွေးနေ့ တပေါင်းလပြည့်ကျော်မှ လုပ်ဖြစ်မယ်။´´ ဟု ရှေးဟောင်းပညာရှင် တမ္ပဝတီ ဦးဝင်းမောင် က ပြောသည် ။

အင်းဝမြို့တည်နန်းတည်ဘုရင် သတိုးမင်းဖျား၏ ပုံစံတူ ကြေးရုပ်ထုမှာ အမြင့်ပေ ၁၃ ပေ ၆ လက်မ ရှိပြီး မတ်တပ်ရပ်ပုံစံဖြစ်ကာ လက်တစ်ဖက်တွင် ဓားကိုကိုင်ဆွဲထား၍ ကျန်လက်တစ်ဖက်မှာ လှံတံကို ကိုင်မြှောက်ထားသည့် ပုံစံဖြစ်ကာ ကြေး အလေးချိန်မှာ တန်ချိန် တစ်တန်ခွဲခန့် ရှိကြောင်း သိရသည် ။

ကြေးရုပ်တင်မည့် ခုံမှာ အမြင့် ၈ ပေခန့်ရှိမည်ဖြစ်ပြီး ကြေးရုပ်ထားရှိရန်အတွက် သက်ဆိုင်ရာက ခွင့်ပြုပေးခြင်းမရှိသေးသောကြောင့် ကြံ့ကြာနေခြင်းဖြစ်သည် ။

ရုပ်တုထုလုပ်ရာတွင် ပုဂံမြို့ဟောင်း နှင့် စစ်ကိုင်းမြို့တို့ရှိ နံရံဆေးရေးပန်းချီများကိုလေ့လာ၍ အင်းဝခေတ် ဝတ်စားဆင်ယင်မှုပုံစံကို ရယူခဲ့ရကြောင်း တမ္ပဝတီ ဦးဝင်းမောင် က ရှင်းပြသည် ။

Leave a Reply