LPG Gas ကို ကျေးရွာများအထိ ရောက်ရှိအောင် ဖြန့်ဖြူးသွားရန် ရည်မှန်းထား

0
132

ဖေဖော်ဝါရီ ၂၁
ဝေဝေဖြိုး

၂၀၂၀ ခုနှစ်တွင် LPG Gas ကို ကျေးရွာများအထိ ရောက်ရှိအောင် ဖြန့်ဖြူးသွားရန် နှင့် အိမ်ထောင်စု ၁ သန်းအထိ သုံးစွဲနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှသိရသည်။

ပထမအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် အိမ်ထောင်စု၁ သိန်းခွဲသို့ ရေနံဓာတ်ငွေ့ရည် LPG ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ပြီး မော်တော်ယာဉ်များ မောင်းနှင်ရာတွင် အသုံးပြုနိုင်ရေးအတွက် LPG Auto Gas Filling Station များ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ကပြောသည်။

” LPG နှင့်ပတ်သက်သည့် အဓိကစိန်ခေါ်မှုအနေနဲ့ဥပဒေ၊ နည်းဥပဒေတွေကို ဆက်လက်ဆောင်ရွက် ဖို့ရှိပါတယ် ။LPG သုံးစွဲတဲ့ ပြည်သူများကို အသိပညာပေးမှုတွေ ကျယ်ပြန့်စွာ ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ LPG ကို ဘေးအန္တရာယ်ကင်းရှင်းစွာနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာနိုင်ဖို့အတွက် အစိုးရနဲ့ ပုဂ္ဂလိကကုမ္ပဏီများ အားလုံး ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားဖို့လိုပါတယ်”ဟု ၎င်းကပြောသည။

LPG ကို တွင်ကျယ်စွာ အသုံးပြုခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သော်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြန့်ဖြူးသုံးစွဲမှု၊ ဈေးကွက်၊ ဈေးနှုန်း၊ အရည်အသွေးပြည့်မီမှန်ကန်မှု စသည်တို့တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်ဟုဆိုသည်။

ထို့ပြင် LPG ကို မော်တော်ယာဉ်များတွင် လောင်စာအဖြစ် အသုံးပြုခြင်းဖြင့် ဓာတ်ဆီ/ဒီဇယ်နှင့် သဘာဝဓာတ်ငွေ့ စသည့် လောင်စာ သုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်သောကြောင့် သင့်တော်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“ထင်း၊ မီးသွေးနေရာတွေမှာလည်း အစားထိုးသုံးစွဲနိုင်တာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုနဲ့ သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ LPG Industrial ကို တိုးမြှင့်ဆောင်ရွက်ရာမှာ နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှုများအပြင် လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကဏ္ဍအလိုက် သက်ဆိုင်တဲ့ သင်တန်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီးကပြောသည်။

LPG ဖြန့်ဖြူးရောင်းချသူများနှင့် သုံးစွဲသူများအနေဖြင့် လုံခြုံ စိတ်ချစွာ ကိုင်တွယ်အသုံးပြုနိုင်ရေးအတွက် LPG နှင့်ပတ်သက်သော ဗဟုသုတများ၊ ကိုင်တွယ်သုံးစွဲပုံ နည်းစနစ်များကို သိရှိရန်လိုအပ်သောကြောင့် LPG ဖြန့်ဖြူး နေသော ကုမ္ပဏီများရှိ ဝန်ထမ်းများနှင့် မိမိတို့စက်ရုံရှိ ဝန်ထမ်းများကို LPG ဆိုင်ရာ ဘေးအန္တရာယ် ကင်းရှင်းရေး သင်တန်းဖွင့်လှစ်၍ ဗဟုသုတများ ပို့ချပေးလျက်ရှိကြောင်းသိရသည်။

ပြည်သူများအနေဖြင့် LPG ကို မီးဖိုချောင်သုံးအပြင် စက်မှုလုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများတွင် လောင်စာအနေဖြင့် ကျယ်ပြန့်စွာ အသုံးပြုလာစေရန် ရည်မှန်းချက်ထားဆောင်ရွက်သွားရမည်ဟုဆိုသည်။

LPG ကို စွမ်းအင်အရင်းအမြစ်တစ်ခု အဖြစ် ဆောင်ရွက်ရာတွင် စက်မှုကဏ္ဍ၊ ပို့ဆောင်ရေးကဏ္ဍ၊ ကျေးလက်ကဏ္ဍများအပြင် မြို့ပြ မီးဖိုချောင်သုံးကဏ္ဍ များ၌လည်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်ရန်အတွက် ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။

လောင်စာစွမ်းအင်အနေဖြင့် LPG သုံးစွဲမှုကို မြှင့်တင်၍ စွမ်းအင်သုံးစွဲမှု အချိုးညီစွာ ဆောင်ရွက်သွားရ မည်ဖြစ်ကာ နိုင်ငံအတွင်း LPG ကို ကျယ်ပြန့်စွာ သုံးစွဲလာနိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျှော့ချနိုင်ပြီး လျှပ်စစ်စွမ်းအင်ကို အခြားလိုအပ်သည့်နေရာများတွင် အပြည့်အဝ အသုံးပြုနိုင်ရေးကို ကူညီပေးနိုင်မည်ဟုဆိုသည်။

Leave a Reply