ရခိုင်အရေးကိစ္စ နိုင်ငံတကာဖော်ပြနေမှုများမှားယွင်းနေ

0
208

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁ ၊ ၂၀၁၈

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး နိုင်ငံတကာတွင် ဖော်ပြနေမှုများသည် မြေပြင်အခြေအနေနှင့် ကွဲလွဲမှုများရှိနေကြောင်း ရခိုင်ပြည်နယ်မြောက်ပိုင်း သို့ ကွင်းဆင်းလေ့လာသွားရောက် ခဲ့သည့် မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်များကပြောသည်။

ရခိုင်ပြည်နယ်တွင် မြန်မာနိုင်ငံမှ လူမျိုးသုန်း သတ်ဖြတ်မှုများ ပြုလုပ်နေသည်ဟု ဆိုကာ နိုင်ငံတကာမှ လက်ရှိအချိန်ထိ ဝေဖန်မှုများစွာရှိနေပြီး နိုင်ငံတကာပြောဆိုနေမှုများမှာ မြေပြင်အခြေအနေနှင့် ကွဲလွဲမှုများရှိ နေကြောင်း သိရသည်။

“နိုင်ငံတကာမှာ လူမျိုးသုန်းသတ်ဖြတ်နေတယ်ဆိုပြီ ဖော်ပြနေတာတွေက လက်တွေ့မှာမမှန်ပါဘူး။ လုပ်ကြံပြီးတော့ ကျွန်တော်တို့ကို သိက္ခာချတဲ့ သတင်းတွေကို ကျွန်တော်တို့ဘယ်လို ကိုင်တွယ်ပြီးတော့ဖြေရှင်းကြမှာလဲ။ တကယ်တွေ့တဲ့အခါမှာ နိုင်ငံတကာမှာ ပြောနေဆိုနေကြတာတွေက တော်တော်ကို အမှန်တရားနဲ့ ဝေးနေပြီးတော့ အမှန်တရားက ဘယ်လိုရှိနေလဲဆိုတာ ကျွန်တော်တို့တွေ့ခဲ့ပါတယ်” ဟု မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ ဒုတိယ ဥက္ကဌ (၂) ဒေါက်တာမျိုးသန့်တင်ကပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး ဘဂါင်္လီကျေးရွာများကို မြန်မာ့တပ်မတော်မှမီးရှို့ကာ လူမျိုးသုန်း သတ်ဖြတ်မှုများပြုလုပ်နေသည့် ဆိုသည့် ကောလာဟလ သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် နိုင်ငံတကာမှ မြန်မာနိုင်ငံအပေါ် ဝေဖန်မှုမျိုးစုံထွက်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းသို့ ကွင်းဆင်းလေ့လာခဲ့သည့် သတင်းမီဒီယာ ကောင်စီဝင်တစ်ဦးဖြစ်သူ ဟံသာဝတီဦးအုန်းကြိုင်က
“ကျွန်တော်တို့ဟိုမှာဒေသခံတွေနဲ့ တွေ့တယ်။ အဲဒိမှာ ရခိုင် တိုင်းရင်းသားတွေရော ဟိန္ဒူတွေရော ၊ ဘင်္ဂါလီတွေရောပေါ့။ ဘင်္ဂါလီတွေကို မီးရှို့တာဘယ်သူကရှို့တာလဲလို့မေးတော့ မြန်မာလိုပြောတတ်တဲ့ ဘင်္ဂါလီတစ်ယောက်က မီးလောင်တာတော့ သိတယ်။ဘယ်သူတွေရှို့လဲဆိုတာတော့ မသိဘူးလို့ဖြေတယ်” ဟုပြောသည်။

အဆိုပါ ရခိုင်ခရီစဉ်ကို ဇန်န၀ါရီလ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအပါအ၀င် ပြည်တွင်းသတင်းဌာန ၁၅ ခုခန့်နှင့် လူ၂၉ ဦး သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ်အတွင်းရှိ ရဲကင်း စခန်းများကို တိုက်ခိုက်ပြီးနောက်ပိုင်းတွင် ကျေးရွာများမှ တိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများ သတ်ဖြတ်မှုများ လစဉ်ဖြစ်ပွား ခဲ့ပြီး ယခု ဒုတိယအကြိမ် သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်မှုဖြစ်စဉ် နောက်ပိုင်းတွင်လည်း ကျေးရွာများအား မီးရှို့ ဖျက်ဆီးမှုများ၊ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်နေခြင်းများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်းရှိ ကျေးရွာများတွင် အကြမ်းဖက်မှုများ ဆက်တိုက် ဖြစ်ပွားလျှက်ရှိနေပြီး တစ်ချို့ကျေးရွာများရှိ ဘင်္ဂါလီများသည် ၄င်းတို့ဘာသာ အေးဆေးနေထိုင်ကြပြီး အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို ကြုံတွေ့ရကာ ဘင်္ဂါလီလူမျိုး အချင်းချင်းပင် သတ်ဖြတ်ခံရမှုများရှိခဲ့သည်။

ဖြိုးဖြိုး

Leave a Reply