SMEs များကို အထောက်ပံ့ပေးမည့် မြန်မာကုန်ထုတ် လုပ်မှု တိုးမြှင့်ရေးစင်တာ တည်ထောင်မည်

0
22

ဖေဖော်ဝါရီ ၂၃
ဝေဝေဖြိုး

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကုန်ထုတ်လုပ်မှု တိုးတက် လာစေရေးအတွက် အထောက်အပံ့ ပေးသွားမည့် မြန်မာကုန်ထုတ်လုပ်မှု တိုးမြှင့်ရေးစင်တာကို ယခုနှစ်တွင် တည်ထောင်သွား မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန၏ အမြဲတန်း အတွင်းဝန် ဦးကိုကိုလွင်က ပြောသည်။

ယခုလ၂၃ ရက်က နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်သည့် Myanmar Productivity Center ( မြန်မာကုန်ထုတ် လုပ်မှုတိုးမြှင့်ရေးစင်တာ) တည်ထောင်နိုင်ရေး စကားဝိုင်းဆွေးနွေးပွဲတွင် ၎င်းကပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော်တို့ နိုင်ငံရဲ့ ကျဆင်းနေတဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍကို မြှင့်တင်ဖို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ၉၅ ရာခိုင်နှုန်းက SMEs တွေ ဖြစ်နေတယ်။ အဲ့ဒီ့ SMEs တွေအတွက် အဓိကပါပဲ။ အဓိကကတော့ SME တွေကို နည်းပညာနဲ့ လုပ်ငန်းခွင်အတွင်း စီမံခန့်ခွဲမှုစွမ်းရည်တွေကို တိုးတက်အောင် လုပ်ပေးသွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

Japan ASEAN Integration Fund (JAIF) ၏ ကူညီပံ့ပိုးမှုဖြင့် ကုန်သည်စက်မှု အသင်းချုပ်၊ စက်မှုဝန်ကြီးဌာနနှင့် Japan Productivity Centre (JPC) တို့ ပူးပေါင်း၍ ၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလမှ စတင်ကာ ရှေ့ပြေးစီမံကိန်းအဖြစ် SMEs လုပ်ငန်းများ ကုန်ထုတ်လုပ်မှု တိုးတက်လာစေရေးအတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယင်းကာလအတွင်း စက်မှုဝန်ကြီးဌာနလက်အောက်ရှိ စက်ရုံ(၅၀)ကျော်ကို စတင်ကာ နည်းပညာများ၊ လုပ်ငန်းခွင် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းများ ပေးခဲ့ပြီးနောက်ပိုင်းတွင် ယင်းစက်ရုံများ၏ ကုန်ထုတ်လုပ်မှုသည် (၄၀) ရာခိုင်နှုန်းအထိ တိုးတက်မှုရှိလာခဲ့သည်ဟုဆိုသည်။

“ကျွန်တော်တို့ရဲ့ SMEs တွေလိုအပ်နေတဲ့ ထုတ်လုပ်မှု၊စီမံခန့်ခွဲမှု ဒါတွေအားလုံးအတွက်ကို ဒီအဖွဲ့အစည်း ကနေတဆင့် ဖြန့်ဝေသွားပါမယ်။ ကျွန်တော်တို့မှာ လိုအပ်နေတာကို အာရှကုန်ထုတ်လုပ်မှု တိုးမြှင့်ရေး အဖွဲ့အစည်းကတဆင့် မရှိနိုင်သေးတဲ့ နည်းပညာတွေ အားလုံးကို ဒီကတဆင့် ယူပြီးတော့ ထုတ်လုပ်မှုကဏ္ဍအားလုံး ဖွံ့ဖြိုးတိုးတက်လာဖို့ ဆောင်ရွက်သွားနိုင်မှာ ဖြစ်ပါတယ်”ဟု ကုန်သည်စက်မှု အသင်းချုပ် အထွေထွေ အတွင်းရေမှူးချုပ် ဦးအောင်ကြည်စိုးက ပြောသည်။

Japan ASEAN Integration Fund (JAIF) အနေဖြင့် စီမံကိန်းကာလကို ၃ နှစ် သတ်မှတ်ထားပြီး ထိုကာလအတွင်း Myanmar Productivity Center (MPC) မှတဆင့် Myanmar Productivity Organization(MPO)ကို တိုးမြှင့်ဖွဲ့စည်းနိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် ဂျပန်၊ထိုင်း၊မလေးရှား၊ ဗီယက်နမ် နိုင်ငံများရှိ NPOအဖွဲ့အစည်းများမှ ၎င်းတို့၏ အတွေ့အကြုံများ၊နည်းလမ်းများကို အဖွဲ့အစည်းတစ်ခုချင်း လက်တွေ့ကျကျ သင်ကြားပေးခြင်း၊ဆွေးနွေးပေးခြင်းများကိုပြုလုပ်ပေးခဲ့သည်။

စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ စက်မှုဝန်ကြီးဌာနသို့ တရားဝင် မှတ်ပုံတင်ထားသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းပေါင်း (၇) သောင်းကျော်အထိ ရှိကြောင်း သိရသည်။

Leave a Reply