ဒလ မြစ်ကူးတံတား စီမံကိန်းနှင့် မလွတ်ကင်းသည့် ကျူးကျော်တဲများ ဇန်န၀ါရီလကုန်တွင်အပြီးဖယ်ရှားမည်

0
163

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁ ၊၂၀၁၈

ကိုရီးယား-မြန်မာချစ်ကြည်ရေးအဖြစ်တည်ဆောက်မည့် အမေရိကန် ဒေါ်လာ ၁၆၈သန်းကျော် အကုန်အကျခံတည်ဆောက် မည့် ဒလ မြစ်ကူးတံတားစီမံကိန်းနှင့်မလွတ်ကင်းသည့် ဒလမြို့နယ်ဘက်ခြမ်းမှ ကျူးကျော်တဲ ၇၀ ကျော်ကိုဇန်န၀ါရီလ ၃၁ ၇က်နေ့အပြီး ဖယ်ရှားမည်ဖြစ်ကြောင်း ဒလမြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးရွှေယင်(ခ)ဦးထွန်းရင်က ပြောသည်။

“ကမ်းနားတလျောက်မှာ ဆောက်လုပ်ရေးယန္တရားနဲ့ပစ္စည်းတွေချဖို့ မလွတ်ကင်းဘူး။ ကျူးကျော်တဲကအသေးလေးတွေပါ။ သူတို့ကို ဒီလအကုန်မှာပြောင်းရွှေ့ဖို့စာထုတ်ပေးထားပါတယ်။ သူတို့နဲ့လည်း ညှိပြီးပါပြီ။ လျော်ကြေးတော့မပေးဘူးပေါ့။ နစ် နာကြေး အတိုင်းအတာ တစ်ခုတော့ ပေးပါတယ် “ဟု ဦးရွှေယင်ကပြောသည်။

ဒလမြစ်ကူးတံတားစီမံကိန်းကို ရန်ကုန်ဘက်ခြမ်းလမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်း ကို ဆက်သွယ် ဆောက်လုပ်မည်ဖြစ်ပြီး ယခုနှစ်မေလ ပထမပတ်တွင် ပန္နတင်၍စတင်ဆောက်လုပ်မည်ဖြစ်ကာ စီမံကိန်းကြာမြင့်ချိန် ၃၉လဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

တံတားသစ်စီမံကိန်းနှင့်မလွတ်ကင်းသည့် မြေနေရာများအတွက် ခေတ်ကာလပေါက်ဈေးဖြင့် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း ဦးရွှေယင်က ပြောသည်။

အဆိုပါသတင်းဖော်ပြချက်တွင် ဒလမြို့နယ်ဘက်ကမ်းရှိ တံတားအူကြောင်းနှင့်မလွတ်ကင်းသည့် မြေယာလျော်ကြေးနှင့် မြေဌားရမ်းခများကို၂၀၁၅ -၂၀၁၆ခုနှစ် ဘဏ္ဍာနှစ်အတွင်း ပေးချေခဲ့ပြီးဖြစ်ပြီး ဗိုလ်မင်းရောင်လမ်းပေါ်တွင်ရှိသည့် မြေကွက် ၆၅ကွက်နှင့် ဂရုဏာကြေးပေးချေခဲ့သော မြေကွက်၊ ဆိုင်ခန်းနှင့် နေအိမ်များကို ဖေဖော်ဝါရီ ပထမပတ်မှစတင်ကာ စီမံကိန်းခြံ စည်းရိုးကာရံခြင်းလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ဇန်န၀ါရီ ၃၁ရက်နေ့နောက်ဆုံးထားဖယ်ရှားပေးရမည်ဟုပါရှိသည်။

တံတားစီမံကိန်းနှင့် မလွတ်ကင်းသည့် သာသနိကအဆောက်အဦး၊ ၀န်ကြီးဌာနပိုင်အဆောက်အဦးများနှင့်ပုဂ္ဂလိကပိုင်မြေ ၊အဆောက်အဦ များအတွက် ကျပ်သိန်းပေါင်း ၁၄၆၈၂သိန်းပေးလျော်ခဲ့ပြီးဖြစ်ကြောင်း သတင်းဖော်ပြချက်အရသိရသည်။

ဒလမြစ်ကူးတံတားမှာ အရှည် ၆၁၄၄ပေ ရှည်လျားမည်ဖြစ်ပြီး အမျိုးအစားမှာ သံမဏိကြိုးဆိုင်းတံတားအမျိုးအစားဖြစ်ကာ ခံနိုင်ဝန် ယာဉ်တစ်စီးချင်း(၇၅)တန် ရှိကာ လေးလမ်းသွားတံတားဖြစ်ပြီး ရေလမ်းကင်းလွတ်အမြင့် ၄၉မီတာနှင့် ကင်းလွတ်အကျယ် ၃၂၀မီတာရှိကာ တန်ချိန်၁၅၀၀၀ရှိသည့် ပင်လယ်ကူးသင်္ဘောများ သွားလာနိုင်ကြောင်းသိရသည်။

“ဧရာဝတီတိုင်းရဲ့ဒုတိယ၀င်ပေါက်ဆိုတော့ ကုန်စည် စီးစင်းမှုမြန်ဆန် လာမယ် ။ဒေသဖွံ့ဖြိုးလာမယ်ဆိုတော့ ကျွန်တော်တို့ မြို့နယ် အတွက် တိုးတက်လာမှာပါ”ဟုဦးရွှေယင်ကသုံးသပ်သည်။

အဆိုပါတံတားကို ကိုရီးယားနိုင်ငံ စီးပွားရေးဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေး ရန်ပုံငွေ EDCF Lone မှချေးငွေ အမေရိကန် ဒေါ်လာ ၁၃၇ဒသမ ၈၃၃သန်းနှင့် မြန်မာအစိုးရမှထည့်ဝင်ငွေ ၃၀ ဒသမ ၃၄၁သန်းထည့်ဝင်ထားခြင်းဖြစ်ကြောင်းသိရသည်။

ကိုဥာဏ်

Leave a Reply