နေပြည်တော်ရုံးခွဲဖွင့်ရန် သိန်းနှစ်ထောင်ကျော်ဖိုး မြေကွက် NLD ဝယ်ယူထား

0
51

ဖေဖော်ဝါရီ ၂၆
ယဉ်ကေနွယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ နေပြည်တော်ကောင်စီနယ်မြေတွင်ရုံးခွဲဖွင့်လှစ်ရန်အတွက် ၁၆ ဧက ကျယ်ဝန်းသည့် မြေကွက်အား ကျပ်သိန်း နှစ်ထောင်ကျော်ဖိုး ၀ယ်ယူထားကြောင်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် မရမ်းကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်မေ၀င်းမြင့်ကပြောသည်။

“နေပြည်တော်မှာ NLD ရုံးခွဲဖွင့်မယ်.အဲ့ဒီအတွက် ၁၆ ဧက ရှိတဲ့ မြေကို ၀ယ်ထားတာ သိန်းပေါင်း ၂၄၄၅ နဲ့ ၀ယ်ထားပြီးဖြစ်ပါတယ်။ဒါက မဆောက်ရသေးပါဘူး”ဟု ဒေါ်မေ၀င်းမြင့်ကပြောသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေး မစတင်မီဒေါ်မေ၀င်းမြင့်မှ သတင်းမီဒီယာများအားပြောကြားခဲ့သည်။

မြေ ၁၆ ဧက အားဝယ်ယူခြင်းသည် ဒုတိယအကြိမ်လွှတ်တော်များစတင်သည့် အချိန်မှ စ၍ကောက်ခံခဲ့သည့် ပါတီရံပုံငွေမှ ၀ယ်ယူထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

”ကိုယ့်ပိုက်ဆံနဲ့ကိုယ် ပါတီရုံးဆောက်မှာဖြစ်ပါတယ်။တိုင်းနဲ့ပြည်နယ်အဆင့်ကို သိန်း ၇၀၀ ပေးတယ်။မြို့နယ်တစ်မြို့နယ်ကို သိန်း ၁၅၀ ပေးတယ်။အဲ့လိုပေးလာတာ ဒီအချိန်ရောက်လာတဲ့အခါကျတော့ ပြည်နယ်ရုံးတွေက ရှမ်းပြည်က ကျယ်တဲအတွက် ၃ ရုံးပေးပါတယ်” ဟု ဒေါ်မေဝင်းမြင့်ကပြောသည်။

ယင်းရံပုံငွေများအား နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ၊ပါတီနှင့် သက်ဆိုင်သည့် ၀န်ကြီးချုပ်များ၊လွှတ်တော်ကိုယ်စားလှယ်များထံမှ ကောက်ခံရရှိထားသည့် ငွေများဖြစ်ကြောင်း ဒေါ်မေ၀င်းမြင့်ကပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊မွန်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးများတွင်လည်း ရုံပုံငွေများ ထုတ်ယူရန် ကျန်ရှိနေကြောင်း သိရသည်။

Leave a Reply