ဖားကန့်တွင် ရောင်းချမည့် ကျပ်သိန်း (၈၄၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မန္တလေးတွင် ဖမ်းဆီးရမိ

0
92

မတ် ၁
နိုင်လင်းဦး

မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ဒေါနဘွားရပ်ကွက် ဒေါနဘွားကားကြီးကွင်းတွင် ဖားကန့်သို့ တင်ပို့ ရောင်းချမည့် ကျပ်သိန်း (၈၄၀၀) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ က သတင်းအရ ဒေါနဘွားကားကြီးသို့ သွားရောက်စစ်ဆေးရာ ကုက္ကိုပင်အောက်တွင် ဆာလာအိတ် (၄) အိတ် ၊ ဂျပ်ဖာ (၁) လုံး နှင့်အတူ သားငယ် ၊ ထိပ်ထား (ခ) မအေးမွန် တို့အား တွေ့ရှိခဲ့သည် ။

၎င်းတို့နှစ်ဦးမှာ ဖားကန့်မြို့သို့ သွားရန်ကားစောင့်နေခြင်းဖြစ်ပြီး ဆာလာအိတ် နှင့် ဂျပ်ဖာ တို့မှာ ၄င်းတို့ပိုင်ပစ္စည်းများဖြစ်ကာ လက်ဖက်ခြောက်များဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း သက်ဆိုင်ရာက ဖွင့်ဖောက်စစ်ဆေးရာ မူးယစ်ဆေးဝါးများဖြစ်နေသည် ။

ယင်းမူးယစ်ဆေးဝါးများမှာ မိုးမိတ်မြို့က ဝယ်ယူခဲ့ပြီး ဖားကန့်မြို့တွင် ပြန်လည်ရောင်းချရန်အတွက်ဖြစ်ကာ ရောင်းချခဲ့သူအား ကွင်းဆက်တရားခံအဖြစ် ဖမ်းဆီးရမိရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည် ။

ဂျပ်ဖာအတွင်း ပဲပြားခြောက်များနှင့် ရောနှောသိုဝှက်ထားသော 88/1 စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၄၈၀၀၀ ပြားအား လည်းကောင်း ၊ အဖြူရောင်ဆာလာအိတ် (၄) လုံးအနက် တစ်လုံးအတွင်း လက်ဖက်ခြောက်များနှင့် ရောနှောသိုဝှက်ထားသော 88/1 စာတမ်းပါ စိတ်ကြွဆေးပြား စုစုပေါင်း ၉၅၉၉၀ ပြား အားလည်းကောင်း ၊ နောက်ထပ် အဖြူရောင်ဆာလာအိတ် (၂) လုံး အတွင်း တစ်လုံးလျှင် ဘိန်းဖြူထည့်ထားသည့် ဆပ်ပြာခွက် (၉၉) ခွက် (စုစုပေါင်း ၁၉၈ ခွက်) အားလည်းကောင်း ၊ ဖုန်း (၂) လုံး နှင့် ငွေသား (၃) သိန်းကျော်အားလည်းကောင်း အသီးသီးသိမ်းဆည်းရမိခဲ့သည် ။

ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွဆေးပြားများ နှင့် ဘိန်းဖြူများ၏ ကာလပေါက်ဈေးမှာ (၈၄၄၆၉၀၀၀) ရှိကြောင်း အမှတ် (၁) ရဲစခန်းက သိရသည် ။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ သေားငယ် (၁၉)နှစ် ထိပ်ထား(၂၁)နှစ် တို့အား အမှတ်(၁)နယ်မြေရဲစခန်းတွင် (ပ)၂/၂၀၁၉၊ မူးယစ်ဆေးဝါးနှင် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဥပဒေ ပုဒ်မ၁၉(က)/၂၀(က)/၂၁ ဖြင့်အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည် ။

Leave a Reply