အစ္စရေးသရုပ်ဆောင် ဂယ်ဂါဒေါ့အတွက် လက်ဘနွန်ဖက်ရှင်ဒီဇိုင်နာက ဝတ်စုံဖန်တီးပေးခဲ့အတွက် ဝေဖန်ပြစ်တင်မှုများရှိနေ

0
188

ဘေရွတ် ဇန်နဝါရီ ၁၂

Wonder Woman နေရာတွင် သရုပ်ဆောင်ခဲ့သည့် အစ္စရေး သရုပ်ဆောင် ဂယ်ဂါဒေါ့က လက်ဘနွန်ဖက်ရှင်ဒီဇိုင်နာ အဲလီဆာယက် ဖန်တီးသည့် ဝတ်စုံဝတ်ဆင်ကာ ရိုက်ကူးထားသော ဓာတ်ပုံတစ်ပုံကို လူမှုမီဒီယာတွင်ဖော်ပြခဲ့ခြင်းကြောင့် လက်ဘနွန်သားများ မကျေမနပ်ဖြစ်နေကြသည်။

အစ္စရေးနှင့် လက်ဘနွန်တို့သည် ၁၉၄၈ ခုနှစ်ကတည်းက စစ်ဖြစ်နေခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်သည် အစ္စရေးကို နိုင်ငံအဖြစ် အသိအမှတ်ပြုခြင်းမရှိချေ။ အဲလီဆာယက်ကို ချစ်ခင်ပြီး လေးစားပါ တယ်။ ဒါပေမယ့် သူဟာ အစ္စရေးသရုပ်ဆောင်တစ်ဦးက သူဖန်တီးထားတာကို ဝတ်လို့ ပျော်နေမယ်ထင်ပါသလား ဟု လက်ဘနွန်ဂျာနယ်လစ်ဟဲဘာဘီတာက တွစ်တာလူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ယင်းအချိန်မှစပြီး ဆာယက်၏အင်စတာဂရမ်အကောင့်တွင် ဂါဒေါ့၏ဓာတ်ပုံကို ဖြုတ်ချခဲ့ပြီးဖြစ်သည်။ ဂါဒေါ့သည် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်းဖြစ်သောကြောင့် လက်ဘနွန်သားများ မကျေမနပ်ဖြစ်ခဲ့ရခြင်းဖြစ်သည်။ အပြာရောင်ဝတ်ဆင်ထားသည့် ဂါဒေါ့၏ရုပ်ပုံနှင့်အတူ အပြစ်အနာ အဆာမရှိ ဆိုသည့် စာကိုလည်း အင်စတာဂရမ် အကောင့်တွင် ရေးသားခဲ့သောကြောင့် မကျေမနပ်ဖြစ်မှု ပိုမိုပြင်းထန်သွားခဲ့သည်။

ဂါဒေါ့သည် နယူးယောက်ရှိ အမျိုးသားရုပ်ရှင်သုံးသပ်ရေးဘုတ်အဖွဲ့ ဆုချီးမြှင့်ပွဲတွင် ဆာယက်ဖန်တီးပေးသည့် ဝတ်စုံကို ဝတ်ဆင်ခဲ့ခြင်းဖြစ် သည်။ ဆုချီးမြှင့်ပွဲတွင် ဂါဒေါ့နှင့် Wonder Woman ရုပ်ရှင်၏ဒါရိုက်တာ ပတ်တီဂျန်ကင်စ်တို့သည် Wonder Woman ရုပ်ရှင်အတွက် ဘုတ်အဖွဲ့မှ ချီးမြှင့်ခဲ့သောဆုကိုရရှိခဲ့သည်။

ဂါဒေါ့သည် အစ္စရေးနိုင်ငံသားဖြစ်နေခြင်းကြောင့် အငြင်းပွားစရာများ ယခင်ကလည်းရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် ဂါဇာစစ်ပွဲဖြစ်ပွားနေစဉ် အတွင်း ဂါဒေါ့သည် အစ္စရေးတပ်ဖွဲ့ဝင်များအား အားပေးထောက်ခံ ကြောင်း ဖေ့စ်ဘွတ်ခ်တွင်ရေးသားခဲ့သည်။ ဂါဇာစစ်ပွဲအတွင်း ပါလက်စတိုင်းသား ၂၁၀၀ ဦးသေဆုံးခဲ့သည်။ အစ္စရေးဘက်တွင်လည်း စစ်သား ၆၇ ဦးနှင့် အရပ်သားခြောက်ဦးသေဆုံးခဲ့သည်။ ဂါဒေါ့စ်၏ပို့စ်ကို လူထောင်ပေါင်းများစွာတို့က ဝေဖန်ပြစ်တင်ခဲ့သည်။

၂၀၁၇ ခုနှစ်တွင် Wonder Woman ရုပ်ရှင်ကို လက်ဘနွန်ရှိ ရုပ်ရှင်ရုံများတွင် ပိတ်ပင်ခဲ့သည်။ သို့သော် ယမန်နှစ် အကုန်ပိုင်းတွင် ဖြန့်ချိခဲ့ပြီး ဂါဒေါ့က Wonder Woman အဖြစ်ပါဝင်သရုပ်ဆောင် ထားသည့် Justice League ကိုမူ လက်ဘနွန်တွင်ပိတ်ပင်ခြင်း မပြုခဲ့ချေ။

Source:BBC

ရိုးမြေ

Leave a Reply