ငလျင်လှုပ်ခတ်မှုကြောင့် နောက်ဆက်တွဲငလျင်များ ဖြစ်လာနိုင်

0
432

မန္တလေး၊ ဇန်နဝါရီ ၁၂၊ ၂၀၁၈

မြန်မာနိုင်ငံပြည်တွင်း (ဖြူးမြို့၏ အနောက်-အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာ)ကို ဗဟိုပြု၍ အင်အားရစ်ချက်(ခ်)တာစကေး (၆.၀) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု ဇန်နဝါရီလ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၅၆)မိနစ်၊ (၂၃)စက္ကန့် အချိန်တွင် လှုပ်ရှားသွားပြီး နောက်ဆက်တွဲ ငလျင်များထပ်မံလှုပ်ခတ်မှု ဖြစ်ပွား နိုင်ကြောင်း မြန်မာနိုင်ငံငလျင် ကော်မတီ အတွင်းရေးမှူး ဦးမျိုးသန့်က ပြောသည်။

ယင်းငလျင်လှုပ်ခတ်မှုဖြစ်စဉ်အပြီး (၀၁)နာရီ (၀၈)မိနစ် (၁၁)စက္ကန့်တွင် တစ်ကြိမ် ၊ (၀၁)နာရီ (၁၂)မိနစ် (၅၉)စက္ကန့်တွင် တစ်ကြိမ် ၊ (၀၁)နာရီ (၁၄)မိနစ်တွင် တစ်ကြိမ် ၊ (၀၂)နာရီ (၀၉)မိနစ် (၂၄)စက္ကန့်တွင် တစ်ကြိမ် နှင့် မြန်မာစံတော်ချိန် (၁၀)နာရီ (၄၆)မိနစ် (၀၄)စက္ကန့် အချိန်တွင် တစ်ကြိမ် စုစုပေါင်း အင်အားအသင့်အတင့်ရှိသည့် နောက်ဆက်တွဲ ငလျင် (၅)ကြိမ် လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူးဦးစီးဌာနက သတင်းထုတ်ပြန်ချက်များအရ သိရသည် ။

“ငလျင်လှုပ်ပြီးရင် နောက်ဆက်တွဲအနေနဲ့ ငလျှင်တွေ ထက်လှုပ် လာနိုင်တယ် ။ လှုပ်ခတ်မှုအင်အားတွေတော့ လျော့သွားမယ်။ ခုဟာက လူတွေနဲ့ မနီးတဲ့နေရာတွေကို ဗဟိုပြုလှုပ်ခတ်သွားတဲ့အတွက် အပျက်အစီးသိပ်မရှိနိုင်ဘူး ။ ကျွန်တော်တို့စီကိုလည်း အပျက်အစီးနဲ့ ပတ်သတ်တဲ့သတင်းမဝင်လာသေးဘူး” ဟု မြန်မာနိုင်ငံငလျင် ကော်မတီ အတွင်းရေးမှူး ဦးမျိုးသန့်က ပြောသည်။

ဇန်နဝါရီလ (၇)ရက်နေ့က မြန်မာနိုင်ငံပြည်တွင်း ဟုမ္မလင်းမြို့၏ အနောက်တောင်ဘက် ၁၅မိုင်ကိုဗဟိုပြု၍ အင်အား ၅.၈ ရစ်ချက်(ခ်)တာ စကေးအဆင့်ရှိသည့် မြေငလျင်တစ်ခုလှုပ်ခတ်သွားသည့် အပြင် မြန်မာနိုင်ငံပြည်တွင်း ဂွမြို့၏ မြောက် မိုင် ၂၀ ခန့်ကိုဗဟိုပြု၍ အင်အား ၄.၅ ရစ်ချက်(ခ်)တာစကေးအဆင့်ရှိသည့် မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့သည်။

နိုင်လင်းဦး

Leave a Reply