ဆိုင်ကယ်ကို ကြိုးဖြင့်​တားပြီး လုရန်​ကြံစည်​သူ ၂ ဦးအား ဖမ်းဆီးရမိ

0
705

မန္တလေး၊ ဇန်နဝါရီ ၁၂၊ ၂၀၁၈

မန္တလေးမြို့၊ အမရပူရမြို့နယ် စစ်​ကိုင်း – မန္တလေးလမ်း တံတားဖြူအနီးတွင်​ ဆိုင်ကယ်များကို ကြိုးဖြင့်တားဆီးပြီး လုယက်ရန်ကြံစည်နေသူနှစ်ဦးကို ဇန်နဝါရီလ ၁၁ ရက်နေ့ ည ၁၁ နာရီ မိနစ် ၃၀ ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

အမရပူရမြို့ပေါ်ရပ်ကွက်များတွင် အများပြည်သူလုံခြုံရေးအတွက် အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင်များ နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး စုပေါင်းကင်းလှည့်နေစဉ် တာဝန်သိပြည်သူ တစ်ဦးက သတင်းပေးတိုင်ကြားလာသည့်အတွက် စစ်​ကိုင်း – မန္တလေးလမ်း တံတားဖြူအနီးသို့ သွားရောက်ခဲ့ရာ လမ်းအ​နောက်​ဖက်​ခြမ်းရှိသစ်​ပင်​အား ကြိုးဖြင့်​ချည်​​နှောင်​၍ ကျန်​ကြိုးတစ်​စအား လမ်းအားကန့်​လန့်​ဖြတ်​ကာ လမ်းအ​ရှေ့ဘက်​ခြမ်းတွင်​ ချထားပြီး ၎င်းအနီး၌ စူပါကပ်​ဆိုင်​ကယ်​ တစ်​စီးဖြင့်​ လူငယ်​ ၂ ဦးအားမသင်္ကာဖွယ်​​တွေ့ရှိရ​ကြောင်း သိရှိရသည်။

“စစ်ကိုင်း မန္တလေးလမ်းက နှစ်လမ်းဖြစ်နေတာ တို့ ကင်းလှည့်လာတာ မြင်တော့ အဲ့ဒီမသင်္ကာသူနှစ်ယောက်က ထွက်ပြေးသွားတယ် ။ ဆိုင်​ကယ်​ ၁ စီးရယ် အရှည်​ ၃၈ ​တောင်​ လုံးပါတ်​ လက်​သန်းလုံးလောက်ရှိတဲ့ နိုင်​လွန်​ကြိုး ၁ ​ချောင်း နဲ့ ​ပြစ်မှုကျူးလွန်ပြီးရင် လဲဖို့အဝတ်အိတ် တစ်အိတ်ကျန်နေခဲ့တယ်။ ဒါနဲ့လိုက်ဖမ်းတယ်” ဟု အမရပူရမြို့နယ် ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်အေးကျော် က ပြောသည်။

ဖမ်းဆီးရမိသူများမှာ အောင်မြေသာစံမြို့နယ် မာလကာခြံရပ်တွင် နေထိုင်သည့် သူနိုင်​( ၁၈) နှစ်​ နှင့် ဖြိုး​မောင်​​မောင်​(ခ)​ဇော်​ထက်​​အောင်​( ၂၂)နှစ်​ တို့ဖြစ်ပြီး ဖြိုး​မောင်​​မောင်​(ခ)​ဇော်​ထက်​​အောင်​ထံမှ အရိုး အသွား (၁၃) လက်မခန့်​ရှိစတီးဓားဦးချွန်​ ( ၁ )​ချောင်းတွေ့ရှိခဲ့ရသည်။

“သူတို့ကို အချိန်မီဖမ်းဆီးနိုင်လို့ မဟုတ်ရင် ပြစ်မှုတွေကျူးလွန်နေမှာ ။ ခုဖမ်းဆီးရမိတာကလည်း ပြည်သူက သတင်းပေးတာကြောင့်ရယ် ကျွန်တော်တို့ရဲတပ်ဖွဲ့က အသင့်ရှိနေတာကြောင့်ရယ် ။ ဒါ့ကြောင့် ဖမ်းမိတာ ဖြစ်တယ်” ဟု ဒုရဲမှူး တင်အေးကျော် က ဆက်လက် ပြောသည်။

လုယက်​မှုကျူးလွန်​ရန်​ကြံစည်​အားထုတ်​သူ သူနိုင်​ နှင့်​ ဖြိုး​မောင်​​မောင်​(ခ)​ဇော်​ထက်​​အောင်​ တို့ ၂ ဦးအား အမရပူရမြို့မရဲစခန်းတွင် (ပ) ၁၅/ ၂၀၁၈ ရာဇသတ်​ကြီး ဥပ​ဒေပုဒ်​မ ၃၉၃ အရ အမှုဖွင့်​ အ​ရေးယူ​ဆောင်​ရွက်​လျှက်​ရှိကြောင်း သိရသည်။

နိုင်လင်းဦး

Leave a Reply