“AA ကို သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးထိရောက်စွာ ဆက်လုပ်မည်” ဟု တပ်မတော်ထုတ်ပြန်

0
281

မတ် ၁၁
ပဉ္စမလှိုင်း

နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်လာသည့် AA သောင်းကျန်းသူအဖွဲ့အား သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေး ထိရောက်စွာ ဆက်လက်လုပ်ဆောင်မည် ဟု တပ်မတော် က သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မြန်မာ- ဘင်္ဂလားဒေ့ရှ် နယ်စပ် ခြံစည်းရိုးနယ်စပ်မှတ်တိုင် အမှတ်ဘီပီ-၆၇ နှင့် ဘီပီ- ၆၈ အကြားတွင် နယ်စပ်ခြံစည်းရိုး တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက် နေသော ဆောက်လုပ်ရေးလုပ်ငန်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား မတ် ၉ ရက် မွန်းလွဲ ပိုင်းတွင် AA သောင်းကျန်းသူအဖွဲ့မှ အင်အား ၂၀၀ ခန့်က နေရာများဖြန့်ခွဲ ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ တစ်ဆင့် နှောင့်ယှက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် တပ်မတော်က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ နှောင့်ယှက်တိုက်ခိုက်လာခဲ့သဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ထိတွေ့မှုများဖြစ်ပွားခဲ့ပြီး ဆောက်လုပ်ရေးလုပ်သား များကို လက်ရှိလုပ်ငန်းခွင်မှ လုံခြုံသောနေရာသို့ ရွှေ့ပြောင်းခဲ့ရသည် ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်း များကို၂၀၁၀ ပြည့်နှစ်မှစတင်၍အဆင့် လေးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိ အချိန်အထိ နယ်စပ်ခြံစည်းရိုး မှတ်တိုင် အမှတ် ၆၇ အထိ ၁၂၉ ဒသမ ၁၅ မိုင် ဆောင်ရွက်ပြီးစီးပြီး ဖြစ်သည်။

AA အဖွဲ့သည် မတ် လ ၉ ရက်တွင်လည်း ယိုးတရုတ်ကျေးရွာရှိ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံး ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ ယမန်နေ့ ညနေပိုင်းကလည်း ရသေ့တောင်မြို့နယ်၊ ကာဒီချောင်းအတွင်း လှုပ်ရှားနေသော ရဲတပ်ဖွဲ့ဝင်စက်လှေအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး လက်နက်များနှင့်အတူ ရေထဲမျောပါခဲ့ပြီး စက်လှေလည်း တိမ်းမှောက်ခဲ့ကြောင်း သိရသည်။

Leave a Reply