အကျဉ်းကျခံ RCSS တပ်ဖွဲ့ဝင်များ ပြန်လွှတ်ပေးရေး အစိုးရစိစစ်ဆောင်ရွက်မည်

0
115

မတ် ၁၁
ယဉ်ကေနွယ်

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) မှ တောင်းဆိုထားသည့် ဖမ်းဆီးအကျဉ်းကျနေသည့် တပ်ဖွဲ့ဝင် ၃၁ ဦးပြန်လည်လွတ်မြောက်ပေးဖို့ အစိုးရအနေဖြင့် ပြန်လည်စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတရုံး၏ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောသည်။

“ပထမဆုံးဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ တပ်ဖွဲ့ဝင်တွေ ကိစ္စကျွန်တော်တို့လည်း ပြန်စီစစ်ပါတယ်။ စစ်ဆေးတွေ့ ရှိချက်တွေကို NRPC မှာ တင်ပြသွားပြီးတော့ဆောင် ရွက်သွားဖို့ရှိတယ်”ဟု ဦးဇော်ဌေးကပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် အစိုးရနှင့် RCSS တို့ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးဇော်ဌေး က အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါအဖွဲ့ဝင်များပြန်လည်လွတ်မြောက်ပေးဖို့ အတွက် စဉ်းစားပေးစေလိုကြောင်း RCSS မှ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဘောင်ခေးမှ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် မူးယစ်ဆေးဝါးကိစ္မများတွင်လည်း အထင်အမြင်လွှဲမှားမှုများရှိနေသည့် အတွက် ပူးပေါင်းဆောင်ရွက်ရေးအား လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးကပြောကြားခဲ့သည်။

ထို့အတူ RCSS အဖွဲ့ အတွင်းရေးမှူး ၂ ဖြစ်သူ ဗိုလ်မှူးစိုင်းငင်း ကလည်း အခြားတိုင်းရင်းသားများနှင့်ဖြစ်နေသည့် ပြသနာများအား တွေ့ဆုံမှုနည်းလမ်းများဖြင့်သာဖြေရှင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ဒီနေ့ ပွဲလေးကတော့ ကောင်းမွန်တဲ့ ရလဒ်ရရှိတဲ့ ပွဲလေးလို့ပဲပြောချင်ပါတယ်။ကျွန်တော်တို့ တပ်မတော်နဲ့ပြေလည်နားလည်မှုရရှိသွားပါပြီ။ခုနက ပြောတဲ့ အခြားတိုင်းရင်းသားတွေနဲ့ ဖြစ်တဲ့ ပြသနာ ဒါကလည်း တွေ့ဆုံမှုနည်းလမ်းနဲ့ ပဲဖြေရှင်းဖို့နည်းလမ်းရှိတယ် ။မကြာမီမြင်တွေ့လိမ့်မယ်လို့ပြောချင်ပါတယ်”ဟု ဗိုလ်မှူးစိုင်းငင်း ကပြောသည်။

ဆွေးနွေးပွဲကို နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ယနေ့ ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲတွင် သဘောထားစုစည်းချက် ၆ ချက် ရရှိခဲ့သည်။

ဆွေးနွေးသို့ NRPC ဒုတိယဥက္ကဌ ဦးဆောင်သည့် အဖွဲ့နှင့် RCSS မှ ဗိုလ်ချုပ်မောင်ခေးခေါင်းဆောင်သည့် အဖွဲ့တို့ တက်ရောက်တွေ့ဆုံခဲ့ကြသည်။

ဆွေးနွေးမှုတွင် ၂၁ ရာစုပင်လုံတတိယအစည်းအဝေးပြီးနောက် ငြိမ်းချမ်းရေးဆိုင်ရာဆောင်ရွက်ချက်များရှင်းလင်းခြင်း၊ ဖမ်းဆီး အကျဉ်းကျနေသည့် RCSS တပ်ဖွဲ့ဝင် ၃၁ ဦး ပြန်လည်လွတ်မြောက်ရေးကိစ္စ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပရေးကိစ္စ များ စသည်တို့ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ထို့ပြင် ဒေသဖွံဖြိုးရေးကိစ္စ၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စ၊ နေရပ်စွန့်ခွာရသူ IDP များကိစ္စ၊ ရှေ့ဆက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကိစ္စများ၊ သဘောထားစုစည်းချက် ရယူခြင်း စသည့် ကိစ္စများဆွေးနွေးခဲ့ကြောင်းသိရသည်။

မတ်လ ၁၂ ရက်နေ့တွင်လည်း တပ်မတော်မှ တာဝန်ရှိသူများနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စများတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

RCSS အဖွဲ့သည် ယခင် အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA )တွင် ပါဝင်လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဖြစ်သည်။

Leave a Reply