ISY ကျောင်းခွဲအသစ်ကို နေပြည်တော်တွင် ဖွင့်လှစ်မည်

0
138

မတ် ၁၂
ဝေဝေဖြိုး

အပြည်ပြည်ဆိုင်ရာ ကလေးများကျောင်း (ISY) ကျောင်းခွဲသစ်ကို နေပြည်တော်၌ စက်တင်ဘာလတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယခုလ ၁၂ ရက်က ရန်ကုန်မြို့ရှိ Pan Pacific Hotel တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှသိရသည်။

နေပြည်တော်တွင် ဖွင့်လှစ်မည့် ISY ကျောင်းသည်၂၀၁၉ – ၂၀၂၀ စာသင်နှစ်တွင် ကျောင်းသား ၂၄ ဦးပါဝင်သော ပထမဆုံးတန်းခွဲ ဖွင့်လှစ်သွား မည်ဖြစ်သည်။

“နေပြည်တော်ကို တည်ထောင်ဖွင့်လှစ်ဖြစ်ရတဲ့ အကြောင်းအရင်းက ပညာသင်ကြားလေ့လာမှုအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေကို ကျယ်ကျယ်ပြန့်ပြန်ပေးစွမ်းသွားချင်တဲ့ ကျွန်တော်တို့ရဲ့ သန္နိဋ္ဌာန်ကြောင့်ပါ။ နေပြည်တော်အတွင်းသာမကဘဲ ပိုမိုကျယ်ပြန့်တဲ့ မြန်မာပြည် အထက်ပိုင်း ဒေသတွေအထိ ဒေသခံ လူ့အဖွဲ့အစည်းနဲ့ နိုင်ငံခြားသားတွေရဲ့ ကလေးငယ်တွေအတွက် နိုင်ငံတကာ ပညာရေး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်”ဟု ISY ၏ ဒါရိုက်တာDr Gregory A. Hedger ကပြောသည်။

ISY နေပြည်တော်ကို မူလတန်းကြိုမှစ၍ Grade 8 အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး ISY ရန်ကုန်ကျောင်းတွင် သင်ကြားပေးနေသော အမေရိကန်သင်ရိုးညွှန်းတမ်းနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်သည်။

ISY ရန်ကုန်ကျောင်းကို ၁၉၉၅ ခုနှစ်မှ စတင်၍သံတမန်အသိုင်းအဝိုင်းနှင့် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေကြသော မိသားစုများအတွက် ရည်ရွယ်ဖွင့် လှစ်ခဲ့ခြင်းဖြစ်သည်။

“ISY ရန်ကုန်ဟာ မြန်မာနိုင်ငံမှာ ကမ္ဘာ့အဆင့်မီ ပညာရေးကို ပေးအပ်နိုင်တဲ့ ယုံကြည်စိတ်ချရတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ နေပြည်တော်မှာ ကျောင်းခွဲသစ် လာရောက်ဖွင့်လှစ်တာကိုလဲ နွေးထွေးစွာ ကြိုဆိုပါတယ်”ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ထွန်းဦးက ပြောသည်။

နေပြည်တော်တွင် တရုတ်သံရုံး၏ ဆက်ဆံရေးရုံးနှင့် ဘင်္ဂလားဒေ့ရှ်သံရုံးတို့ အခြေစိုက်လျက်ရှိပြီး အခြားသော နိုင်ငံခြားသံရုံးများလည်း မကြာမီ ရွှေ့ပြောင်းရုံးစိုက်ရန် အလားအလာ ကောင်းများရှိနေသည်ဟုဆိုသည်။

ISY ကျောင်းကို တက်ရောက်မည်ဆိုပါက နိုင်ငံတကာမှ ဆရာ /ဆရာမများကို ခေါ်ယူသင်ကြားသည့် အတွက် ပညာသင်ကြေး ၊ ကျောင်းသားများအတွက် ဝန်ဆောင်မှု ၊ လိုအပ်သည့် နည်းပညာ ပံ့ပိုးမှုများအတွက် ကျောင်းသား တစ်ဦးလျှင် ၁နှစ်ကို အမေရိကန်ဒေါ်လာ နှစ်သောင်း ပေးသွင်းရမည်ဖြစ်သည်။

ISY သည် နေပြည်တော်တွင် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ်ရထားသော ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ကျောင်းဖြစ်လာမည်ဖြစ်ပြီး အဆင့်မြင့်ဆုံးပညာရေးအဆင့်အတန်းများကို မျှဝေပေးသွားမည်ဖြစ်သည်။

လက်ရှိ ISY ရန်ကုန်ကျောင်းတွင် မူလတန်းအကြိုမှစ၍ Grade 12 အထိ သင်ကြားပေးနေပြီး မတူညီသော လူမျိုးပေါင်း ၄၈မျိုးမှ ကျောင်းသား ၈၀၀ နီးပါးခန့် ပညာသင်ကြားနေခြင်းဖြစ်သည်။

Leave a Reply