AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က မြို့နေ ပြည်သူလူထုနေအိမ်များပေါ်တွင် နေရာယူ၍ တပ်မတော်စစ်ကြောင်းများအား နှောင့်ယှက်ပစ်ခတ် ဟု တပ်မတော်ထုတ်ပြန်

0
241

မတ် ၁၉
ပဉ္စမလှိုင်း

၂၀၁၉ ခုနှစ်၊ မတ်လ ၁၈ ရက် ညနေပိုင်းတွင် မြောက်ဦးမြို့တွင်းနှင့် တပ်ရင်းဌာနချုပ်များအား ပစ်ခတ်နှောင့်ယှက်ရန် မြောက်ဦးမြို့နေ တာဝန်သိပြည်သူအချို့ထံမှ သတင်းရရှိသဖြင့် မြောက်ဦးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း တစ်ကြောင်းသည် မြို့နှင့် တပ်ရင်းဌာနချုပ်များ လုံခြုံရေးအတွက် မြောက်ဦးမြို့သို့ ပြန်လည်ချီတက်လာရာ AA အကြမ်းဖက်သောင်းကျန်းသူများက မြောက်ဦးမြို့အ၀င်ရှိ မြို့နေ ပြည်သူလူထု၏ နေအိမ်များပေါ်မှ ည ၇ နာရီ ၃၅ မိနစ်မှစတင်၍ ၃၀ မိနစ်ကြာသည်အထိ နှောင့်ယှက်ပစ်ခတ်ခဲ့၍ တပ်မတော်စစ်ကြောင်းများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ထို့ပြင် မြောက်ဦးမြို့ရှိ နယ်မြေခံ တပ်ရင်းဌာနချုပ်များကိုလည်း ရပ်ကွက်နေ ပြည်သူလူထု နေအိမ်များအား အကာအကွယ်ရယူလျက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက် ပစ်ခတ်ခဲ့ပြီး ည ၈ နာရီ ၀န်းကျင်မှစ၍ ပစ်ခတ်မှု ပြီးဆုံးခဲ့ပါသည်။ ဖြစ်စဉ်တွင် ရန်သူ့သတင်းစုံစမ်းဆဲဖြစ်ပြီး တပ်မတော်စစ်ကြောင်းဘက်မှ ထိခိုက်မှုမရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

မြောက်ဦးမြို့သည် ရခိုင်ပြည်နယ်၏ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သော်လည်း AA အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် ရှေးဟောင်းပုထိုးစေတီများနှင့် လူနေအဆောက်အဦအား အကာအကွယ်ရယူ၍ ရည်ရွယ်ချက်ရှိရှိ အဖျက်လုပ်ငန်း ဆောင်ရွက်ခြင်းအပေါ် ဒေသခံပြည်သူလူထုအနေဖြင့် ကျေနပ်မှု မရှိကြကြောင်း သိရှိရသည်။ တပ်မတော်အနေဖြင့် နယ်မြေလုံခြုံရေးအတွက် ဆက်လက်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ မြောက်ဦးမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသည် ဟု သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များအနေဖြင့် မြို့၊ ရွာ၊ အစိုးရ အဆောက်အဦများ ပါမရှောင် အကြမ်းဖက်လုပ်ရပ်များ ဖန်တီးလှုံ့ဆော် အကြမ်းဖက်မှုများ ပြုလုပ်လျက်ရှိသဖြင့် တပ်မတော် စစ်ကြောင်းအသီးသီးမှ မြို့နယ်အလိုက်ဖြန့်ခွဲ၍ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Leave a Reply