ကျောက်မိုင်းခွဲရန် ဆောင်ရွက်စဉ် ပေါက်ကွဲမှုဖြစ်ပွား၊လူ (၂)ဦးသေဆုံး

0
193

မန္တလေး၊ ဇန်နဝါရီ ၁၃၊ ၂၀၁၈

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ နေ့လယ် ၂ နာရီခန့် အချိန်က ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီမှ ကျောက်မိုင်းခွဲရန် ဆောင်ရွက်စဉ် ပေါက်ကွဲမှုဖြစ်ပွားကာ လူ (၂)ဦးသေဆုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

အခင်းဖြစ်ပွားသည့်နေရာသည် ရွှေသတ္တုတူးဖော်သည့် မွန်ကြည်ဖြူ ကုမ္မဏီပိုင်လုပ်ကွက်အမှတ် TPK-203 အတွင်းဖြစ်ပြီး ကုမ္ပဏီ အလုပ်သမားများဖြစ်သည့် မောင်ရောင်စဉ် နှင့် မောင်မင်းမော် တို့က ကျောက်မိုင်ခွဲရန် ချက်ယမ်းများကို ပြန်လည်ချက်လုပ်နေစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းပေါက်ကွဲမှုကြောင့် မောင်ရောင်စဉ် နှင့် မောင်မင်းမော် တို့မှာ ခန္ဓာကိုယ်အပိုင်းအစများ လွင့်စင်ပြီး နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သတ်၍ မောင်ရောင်စဉ်နှင့် မောင်မင်းမော်တို့ကို ယမ်းချက်လုပ်ရာတွင် ပေါ့လျော့စွာစေခိုင်းခဲ့သည့် မွန်ကြည်ဖြူကုမ္ပဏီ တာဝန်ခံ ကိုတူးအား သပိတ်ကျင်းမြို့မရဲစခန်းတွင် (ပ)၂၈၆/၃၀၄(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယင်းမွန်ကြည်ဖြူကုမ္ပဏီသည် မြန်မာ့စီးပွားရေးဦးပိုင်လီမီတက်၏ တစ်ဆင့်ခံလုပ်ခွင့်ပြုထားသော ကုမ္ပဏီဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည် ။

နိုင်လင်းဦး

Leave a Reply