မြောက်ဦးတွင် တပ်မတော်နှင့် AA အကြား ၄ နာရီခန့် တိုက်ပွဲဖြစ်

0
139

မတ် ၂၆
ညိုမှိုင်း

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်း ယမန်နေ့ ည ၁ နာရီခွဲအချိန်ကစတင်ပြီး မြန်မာ့တပ်မတော်နှင့် AA တို့အကြား လေးနာရီနီးပါးခန့်အကြာ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့သည်။

အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် တောင်ဦးကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့ကြေင်း လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်ကပြောသည်။

“လင်းမြွေတောင်၊ မကျည်းကုန်းမှာ ည ၁ နာရီခွဲကနေတိုက်ပွဲဖြစ်တာ ၅ နာရီလောက်မှ ပြီးတယ်။ တောင်ဦးရွာမှာ ဗုံးဆံကျလို့ နေအိမ်တစ်လုံးပျက်စီးသွားတယ်။ အခေါင်မိုးတွေဘာတွေ ပျက်သွားတယ်။ တံခါးမှန်တွေပွဲသွားတယ်။”ဟု ဦးထွန်းသာစိန်ကပြောသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတစ်လျှောက်တွင် ယနေ့မနက်ပိုင်း ၆ နာရီအချိန်ထိ တပ်မတော်ဘက်မှ နယ်မြေရှင်းလင်းရေးများဆောင်ရွက်ခဲ့ရာ လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်သံများကိုလည်း ကြားလိုက်ကြောင်း ၎င်းကပြောသည်။

“အနီးဝန်းကျင်ကျေးရွာတွေကတော့ မိသားစုတချို့ဟာ နီးစပ်ရာကျေးရွာတွေကို ပြောင်းရွှေ့နေကြတာရှိတယ်။ တချို့မိသားစုတွေပဲပြောင်းကြတာပါ။ ရွာမှာမနေရဲလို့ပြောင်းတာဖြစ်ပါတယ်။ ရွာသားတွေကိုတော့ ဖမ်းဆီးစစ်ဆေးတာတွေမတွေ့ရဘူး။”ဟု ဦးထွန်းသာစိန်ကပြောသည်။

ယခုဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာ မြောက်ဦးမြို့နယ်အတွင်း မြန်မာ့တပ်မတော်နှင့် AA အကြား တိုက်ပွဲဖြစ်ပွားမှု ရက်အတော်ကြာရပ်နားနေခဲ့ပြီး ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Leave a Reply