လက်စတာနဲ့ပွဲစဉ်မှာ ဗာဒီနဲ့ မာရက်ဇ်အတွဲကို သတိထားဖို့ ချယ်လ်ဆီးကို ဖာဘရီဂတ် သတိပေး

0
200

ဇန်န၀ါရီ ၁၃ ၊ ၂၀၁၈

ယခုတစ်ပတ် ယှဉ်ပြိုင်မည့် ချယ်လ်ဆီးနဲ့ လက်စတာတို့ရဲ့ ပွဲစဉ်မှာ လက်စတာကစားသမားတွေ ဖြစ်ကြတဲ့ ဗာဒီနဲ့ မာရက်ဇ်တို့ကို သတိထားဖို့ လိုတယ်လို့ ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်က ချယ်လ်ဆီးအသင်းဖော်တွေကို သတိပေးလိုက်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်မှာ လက်စတာရဲ့ ထိပ်တန်းကစားသမားတွေဖြစ်ကြတဲ့ ဗာဒီနဲ့ မာရက်ဇ်တို့ကို ထိန်းသိမ်းကြဖို့ ဖာဘရီဂတ်က တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်။ ချယ်လ်ဆီး – လက်စတာ ပွဲစဉ်ကို ယနေ့ည ၉ နာရီ ၃၀ မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

လက်စတာအသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ လန်ဒန်အရှေ့ပိုင်းက အသင်းတွေနဲ့ အဝေးကွင်း တွေ ယှဉ်ပြိုင်ရာမှာ (၈)ကြိမ်တွေ့ဆုံထားပြီး (၈)ပွဲလုံး အနိုင်ရရှိထားပါတယ်။ဒါကြောင့် အမှတ်ပေး ပြိုင်ပွဲမှာ အဆင့် (၂) က မန်ယူအသင်းကို ကျော်တက်နိုင်ဖို့ ကြိုးစားနေတဲ့ ချယ်လ်ဆီး အသင်းအနေနဲ့ လက်စတာကို စတမ်းဖို့ဘရစ်မှာ အနိုင်ရရှိဖို့ လိုအပ်နေပါတယ်။

လက်စတာတိုက်စစ်အတွဲတွေ ဖြစ်ကြတဲ့ ဗာဒီနဲ့ မာရက်ဇ်တို့ဟာ အလွန်အတွဲညီတဲ့ တိုက်စစ်ကစားသမားတွေ ဖြစ်ကြပြီး ၂၀၁၆ ခုနှစ်မှာ လက်စတာအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဖလား ဆွတ်ခူးနိုင်အောင် ပံ့ပိုးပေးနိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။

ဒါကြောင့် ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ် အနေနဲ့ သူ့ရဲ့ အသင်းဖော်တွေကို လက်စတာထံမှ အနိုင် ၃ မှတ်ရယူနိုင်ဖို့ အတွက် ဗာဒီနဲ့ မာရက်တို့ကို အခွင့်အရေး မပေးမိစေဖို့ ကြိုတင် သတိပေးနေခြင်း ဖြစ်ပါတယ်။

“သူတို့ကလည်း အနိုင်ရဖို့ ကစားမှာ ဖြစ်သလို ကျွန်တော်တို့ကလည်း အနိုင်ရလဒ်ကို အလိုရှိနေကြပါတယ်။ နည်းပြအနေနဲ့လည်း အနိုင်ရဖို့ အလိုရှိနေမှာပါ။ဒီပွဲဟာ အနိုင်ရဖို့ ခက်ခဲတဲ့ ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်”လို့ ဖာဘရီဂတ်စ်က Sky Sports နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်ရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး အဆင့်(၁) နေရာမှ မန်စီးတီးနဲ့ ၁၅ မှတ် ကွာဟနေ ပါတယ်။ဒါပေမယ့်လည်း သူတို့ဟာ ချန်ပီယံလိဂ် ၊ ကာရာဘောင်းဖလား ပြိုင်ပွဲ ၊FA ဖလားပြိုင်ပွဲတွေရဲ့ ပြေးလမ်းပေါ်မှာ ရပ်တည်နေပါတယ်။

“ဒီရာသီဟာ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အမှတ်ပေးပြိုင်ပွဲရဲ့ ထိပ်ဆုံးမှာ မန်စီးတီးအသင်းက ဦးဆောင်နေပါတယ်။ ဒီရာသီဟာ မန်စီးတီးအတွက် အရမ်းကောင်းတဲ့ ရာသီတစ်ခု ဖြစ်ပါတယ်။”ဟု ဖာဘရီဂတ်က ဆိုသည်။

ချယ်လ်ဆီးအသင်းအနေနဲ့ အမှတ်ပေးဇယားရဲ့ ထိပ်ကို တက်လှမ်းနိုင်ရေးအတွက် ယနေ့ည ယှဉ်ပြိုင်မယ့် လက်စတာ အသင်းနဲ့ ပွဲစဉ်ကို အနိုင် ၃ မှတ် ရရှိအောင် ကစားသွားမယ်လို့ သိရပါတယ်။

NN

Leave a Reply