“ဒီနေ့ ဆွေးနွေးပွဲရလဒ်ကို အကောင်အထည်မဖော်ဘူးဆိုရင်တော့ တိုက်ပွဲဖြစ်ပွားမှု အရင်အတိုင်းပဲရှိမှာဖြစ်ပါတယ်”

0
89

ULA မှ ဗိုလ်မှူးကြီး ကျော်ဟန်

မတ် ၂၁
ယဉ်ကေနွယ်

ယနေ့ နေပြည်တော်ရှိ NRPC ရုံးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာနအဖွဲ့ဝင်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့တို့၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲအား ပြုလုပ်ခဲ့ကြသည်။

ယင်းဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံးတွင် လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်လျော့ချရေးအတွက် ဆက်လက်ကြိုးပမ်းရန်၊ တစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းရေးထိန်းသိမ်းရေးအတွက် ဆက်လက်ညှိနှိုင်းကြိုးပမ်းရန်၊ ဒေသဖွံ့ဖြိုးရေးနှင့် ဒေသခံပြည်သူများအရေးအတွက် နှစ်ဖက်လုံးမှ အလေးထားဆောင်ရွက်ရန်၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေး အတွက် အရင်းခံအကြောင်းတရားဖြစ်သည့် နိုင်ငံရေးပြသနာအား နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် စသည့် အချက်များ သဘောတူညီမှုရရှိခဲ့ကြောင်း သိရသည်။

၎င်း အချက်များအပေါ် အကောင်အထည်ဖော်ခြင်း မရှိဘူးဆိုပါက တိုက်ပွဲဖြစ်ပွားမှုများသည် အရင်အတိုင်း ပဲရှိနိုင်မည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ အတွင်းရေးမှူး ၁ ဗိုလ်မှူးကြီး ကျော်ဟန်ကပြောသည်။

“ဒီအချက်တွေကို နှစ်ဦးနှစ်ဖက်က မှန်မှန်ကန်ကန်အကောင်အထည်ဖော်ကြမယ်ဆိုရင် ကျွန်တော်တို့ တိုက်ပွဲတွေက လျော့ကျဖို့ အလားအလာရှိပါတယ်။ဒါပေမဲ့ ဒီဆွေးနွေးပွဲရလဒ်ကို အကောင်အထည်မဖော်ဘူးဆိုရင်တော့ အရင်အတိုင်းပဲရှိမှာဖြစ်ပါတယ်” ဟု ဆွေးနွေးပွဲအပြီးတွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဗိုလ်မှူးကြီးကျော်ဟန်မှ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ငြိမ်းချမ်းရေးကို လိုချင်သည် ဆိုပါက အမှန်တရားကိုလည်း လက်ခံနိုင်ရန်လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“ရက္ခိုင့် တပ်မတော်ကို ရခိုင်ပြည်မှာ တည်ရှိနေမှုကို တပ်မတော်က လက်မခံတဲ့ သဘောလို့ ကျွန်တော်တို့ နားလည်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရခိုင်တွေကို ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်တည်ရှိရေးဟာ ULA ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တယ်”ဟု ဗိုလ်မှူးကြီး ကျော်ဟန်ကပြောသည်။

ထို့အတူ ရခိုင်ပြည်သူများအား ရက္ခိုင့်တပ်မတော်ကသာ လုံခြုံအေးချမ်းရေးအတွက် တာဝန်ယူနိုင်မည်ဟု ခံယူထားသည့် အတွက် လုပ်သင့်လုပ်ထိုက်သည်ကို လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ယနေ့ ပြုလုပ်ခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုသည် ပထမဦးဆုံးကြိမ်မြောက်ဖြစ်ပြီး သဘောတူညီချက် ၅ ချက်ရရှိကြောင်း၊ ထို့ပြင် ၂ လ လျှင် တစ်ကြိမ်ဆွေးနွေးရန်သဘောတူညီမှုရရှိခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေူးကပြောသည်။

ရခိုင်ပြည်နယ် သည် အဖြူရောင်နယ်မြေဖြစ်သည့် အတွက် ရောက်ရှိလာသည့် အဖွဲ့အစည်းများအား အစိုးရဘက်မှ လုပ်သင့် လုပ်ထိုက်သည့် လုံခြုံရေးနှင့် တည်ငြိမ် ငြိမ်းချမ်းရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ အတူ သောင်းကျန်းသူ နှိမ်နှင်းရေးစစ်အား ထုတ်ပြန်ထားသည့် အတိုင်းထိရောက်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးမှ ပြောကြားခဲ့သည်။

“အဓိကက အခုဖြစ်နေတဲ့ ပြသနာက ဒေသခံပြည်သူတွေ ဒုက္ခရောက်စေတဲ့ ပြသနာ အဲ့လိုမျိုးအဖြူရောင်နယ်မြေ မြောက်ဦးဆိုရင် ကမ္ဘာလှည့်ခရီးသသည်တွေ လွတ်လွတ်လပ်လပ်သွားလာခဲ့တဲ့နေရာ ဒီလိုနေန၇ာတွေမျာ တိုက်ပွဲကျယ်ပြန့်လာတဲ့ သဘောဖြစ်တော့ အစိုးရကတော့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မှာပဲ”ဟု ဦးဇော်ဌေးကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၈ ဖွဲ့တွင် ၀ ပြည်သွေးစည်းညီညွှတ်ရေးပါတီ(UWSP)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့(KIO)၊ ရှမ်းပြည်အရှေ့ပိုင်းငြိမ်းချမ်းရေးနှင့် စည်းလုံးရေးကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) ၊ မြန်မာနိုင်ငံအမှန်တရားင့်တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ဖြစ်သည်။

ယင်း ၈ ဖွဲ့တွင် ပါဝင်သည့် ULA အနေဖြင့် အတွင်းရေးမှူး ၁ ဦးဆောင်သည့် ဗိုလ်မှူးကြီးကျော်ဟန် အဖွဲ့မှ တက်ရောက်ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ၈ ဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA ) တွင် ပါဝင်လတ်မှတ်ရေးထိုးထားခြင်းမရှိသေးသည့် အဖွဲ့များဖြစ်သည်။

၎င်း ၈ ဖွဲ့သည် မတ်လ ၂၂ ရက်နေ့တွင်လည်း တပ်မတော်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

Leave a Reply