Facebook မှတဆင့် လိင်စိတ်ကြွဆေးဝါးများ ဖြန့်ဖြူးရောင်းချသူကို ဖမ်းမိ

0
120

ဧပြီ ၃
နိုင်လင်းဦး

မန္တလေးမြို့တွင် Online ကနေ တစ်ဆင့် လိင်စိတ်ကြွဆေးဝါးများဖြန့်ဖြူးရောင်းချသူ အမျိုးသားတစ်ဦးကို ဧပြီလ (၂) ရက်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ လိင်စိတ်ကြွဆေးဝါးများကို Facebook လူမှုကွန်ယက် ကနေ တစ်ဆင့် ရောင်းဝယ်နေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန က တာဝန်ရှိသူများ၊ သက်သေများနှင့်အတူ လုမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည့် ဖုန်းနံပါတ်အားဆက်သွယ်၍ ကာမဆေးဝါးများ ဝယ်ယူလိုကြောင်း ချိန်းဆိုခဲ့သည် ။

ချိန်းဆိုခဲ့သည့် ချမ်းအေးသာစံမြို့နယ် ၂၈လမ်း၊ ၇၆ လမ်း နှင့် ၇၇ လမ်းကြား၌ စောင့်ဆိုင်းနေစဉ် လာရောက် ပို့ဆောင်ပေးသူ သက်ထွဋ်အောင် (ခ) ရှက်ဖီး (၃၀) နှစ်ကို လိင်စိတ်ကြွ အမျိုးသမီးသောက် ဆေးရည်၊ အမျိုးသားသောက် ဆေးတောင့်၊ အမျိုးသားအင်္ဂါအစွပ်တို့နှင့် ကာမဆေးရောင်းချရာတွင်အသုံးပြုသည့် အခြား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည် ။

ဖမ်းဆီးရမိသည့် သက်ထွဋ်အောင်(ခ)ရှက်ဖီးကို ဆက်လက်စစ်ဆေးရာ ၎င်း၏ နေအိမ် ဆေးဆိုင်တွင် လိင်စိတ်ကြွဆေးဝါးများ ကျန်ရှိနေသေးကြောင်း ထွက်ဆိုချက်အရ ပူးပေါင်းအဖွဲ့မှ ဆက်လက်သွားရောက်ရှာဖွေခဲ့ရာ ဆေးဆိုင်ရှိ မှန်ဘီရိုအတွင်း၌ လိင်စိတ်ကြွဆေး အမျိုးသား၊ အမျိုးသမီးသုံး သောက်ဆေးရည်၊ သောက်ဆေးတောင့်၊ ဆေးလုံး၊ ဆေးမှုန့်၊ လိမ်းဆေး၊ ဖျန်းဆေး စသည့် ဆေးအမျိုးအစား (၄၀) ခန့်ကို ရှာဖွေ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ လိင်စိတ်ကြွဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူ သက်ထွဋ်အောင်(ခ)ရှက်ဖီးကို အမှတ် (၈) မြို့မရဲစခန်းတွင် (ပ) ၃၀၉/၂၀၁၉၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ – ၈ဖြင့်လည်းကောင်း၊ အမှတ် (၇) နယ်မြေရဲစခန်းတွင် (ပ)၂၈၀/၂၀၁၉၊ အမျိုးသားဆေးဝါးအက်ဥပဒေပုဒ်မ – ၈ ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။

Leave a Reply