ဧည့်မထ ရက် ၉၀ ဆန်ကို အခြေခံဈေး သတ်မှတ် ဝယ်ယူမည်

0
19

ဧပြီ ၁
ဝေဝေဖြိုး

ဧည့်မထ ရက် ၉၀ ဆန်အား ဝယ်ယူသူမရှိပါက အခြေခံဈေး တစ်အိတ်လျှင်၁၉၅၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံဆန် စပါးကုန်သည် များအသင်းက သတ်မှတ်ဝယ်ယူပေးမည်ဖြစ်ကြောင်း ယင်းအသင်း၏ ဥက္ကဋ္ဌ ဦးအောင်သန်းဦးကပြောသည်။

ယင်းကဲ့သို့ ဝယ်ယူခြင်းကို အသင်း၏ ရံပုံငွေဖြင့် ဧပြီလ ၈ ရက်မှစတင်၍ အဆိုပါဈေးနှုန်းဖြင့် ဝယ်ယူသွားမည် ဖြစ်သည်။

“ဈေးကွက်မရှိလို့ ရောင်းမရဘူးဆိုရင် ဆန်သား ၉၀နဲ့ အစိုဓါတ် အထားခံတဲ့ ၁၄ ဒသမ ၅ အစိုဓါတ်ပါဝင်တဲ့ဆန်ကို ဆန် တစ်အိတ်ကို ၁၉၅၀၀ကျပ်နဲ့ အခြေခံဈေး သတ်မှတ်ပြီးတော့ ဝယ်ယူသွားဖို့ ဒီနေ့ဆွေးနွေးပွဲမှာ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အသင်းမှာရှိတဲ့ ရံပုံငွေရယ် အသင်းသားတွေထည့်ဝင်တဲ့ ငွေတွေဆုပေါင်းပြီးတော့ ဝယ်ယူဖို့အတွက် အသင်းသားတွေက ငွေထည့်ဝင်ထားတာရှိပါတယ်။ ဒီငွေတွေနဲ့ ဝယ်ယူသွားမှာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အပါအဝင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းကလည်း အထွက်တိုးပြီး အရည်အသွေးကောင်းသည့် ဆန်များကို တောင်သူများအနေဖြင့် တိုးချဲ့စိုက်ပျိုးရန် အားထုတ်ခဲ့သည့်အတွက် တောင်သူများမှာ
စိုက်ပျိုးထုတ်လုပ်မှုများခဲ့ကြောင်းသိရသည်။

ယင်းကဲ့သို့ စိုက်ပျိုးထုတ်လုပ်မှု များခဲ့သော်လည်း ပြည်တွင်းဆန်ကုန်စည်ဒိုင်များမှာ ရက် ၉၀ ဆန်အား ဝယ်ယူမှု နည်းသွားသည့်အတွက် ဈေးကွက်ထဲတွင် ကျသင့်သည့် ဈေးနှုန်းထက် ပိုမိုကျဆင်းလျက်ရှိနေ
သည် ဟုဆိုသည်။

“အချို့ကုန်သည်တွေကလည်း ဈေးထပ်ကျဦးမယ်ဆိုပြီ မဝယ်ကြသေးတာ၊ မဝယ်ရဲသေးတာတွေ ရှိတဲ့အတွက် ၁၉၅၀၀ကျပ်ကို အနိမ့်ဆုံးဈေး သတ်မှတ်လိုက်တာ ဖြစ်တယ်။ ဈေးကွက်တစ်ခုလုံးကို ထိန်းချုပ်ဝယ်ယူဖို့ မဟုတ်ဘူး။ အသင်းက အခြေခံဈေးသတ်မှတ်ပြီဆိုရင် ဒီထက်ကျစရာမရှိတော့ဘူးဆိုပြီး ဈေးကွက်ထဲမှာ ဝယ်လိုအားကောင်းလာမယ်။ သူတို့လည်းရဲရဲကြီး ဝယ်နိုင်မယ်” ဟု ဦးအောင်သန်းဦးက ပြောသည်။

ရက် ၉၀ ဆန်အား ဝယ်ယူမှု နည်းသွားသည့်အတွက် ဈေးကွက်ထဲတွင် ကျသင့်သည့် ဈေးနှုန်းထက် ပိုမိုကျဆင်းနေခြင်းမျိုး မဖြစ်စေရန် ထိုသို့ အခြေခံဈေးနှုန်းတစ်ခု သတ်မှတ်ခြင်းသည် ဈေးကွက်ကို ထိန်းကျောင်းပြီးသား အနေအထားဖြစ်သွားမည်ဖြစ်ပြီး ယင်းရက် ၉၀ ဆန်များကို လာမည့် ၆လပိုင်းအထိ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“တောင်သူတွေအနေနဲ့ ဈေးနှုန်းလေးတစ်ခု သတ်မှတ်တဲ့ အတွက် အတော်လေး အဆင်ပြေပါတယ်။ ဆန်ဈေးက လယ်လောက်ထိကျမလဲ ဘယ်လိုဖြစ်မလဲဆိုတာ သို့လော သို့လောတွေ ဖြစ်နေတာကြောင့် ဒီလိုသတ်မှတ် လိုက်တဲ့အတွက် အခြေခံဈေးလေးတစ်ခု သတ်မှတ်လို့ရသွားတာ။ ဒါကြောင့် စပါးဈေးလည်း ၅သိန်းအောက်ကို မကျနိုင်တော့ဘူး။ အခုလို ဈေးကွက်ကို မဖော်ဆောင်နိုင်ဘူးဆိုရင် လာမယ့်နှစ်ကို ဘယ်လို စပါးမျိုး စိုက်ရမယ်ဆိုတာ ဝေဝါးစရာတွေ ဖြစ်လာမှာကို ဆိုးတဲ့အတွက် ဝယ်ယူပေးခြင်း ဖြစ်ပါတယ်”ဟု ဝါးတန်းကုန်စည်ဒိုင်၏ တွဲဖက်အတွင်းရေးမှူး ကိုဇော်ခိုင်က ပြောသည်။

ပြည်တွင်းဆန်ဝယ်ယူသူ မရှိဟူသော သတင်းကြောင့် နိုင်ငံခြားဝယ်လက်များမှ ဈေးနှိမ်ဝယ်ယူရန် စောင့်ကြည့်ခံနေရသည့် အနေအထားရှိနေကြောင်း ဦးအောင်သန်းဦးကပြောသည်။

မြန်မာ့ ဆန်လုံးရှည်ကို ဥရောပသမဂ္ဂက အခွန် ပြန်လည်ကောက်ခံခြင်း နှင့် မှုဆယ်-တရုတ်နယ်စပ် ဆန် အ၀ယ်နည်းနေခြင်းတို့ကြောင့် ပြည်တွင်း၌ ဆန်လက်ကျန်များ အမြောက်အများရှိနေသည့်အတွက် ပြည်တွင်းဆန် ဈေးကွက်မှာလည်း အကျဘက်သို့ ဦးတည်နေသည်ဟုဆိုသည်။

Leave a Reply