ယခုဘဏ္ဍာနှစ်အတွင်း ပဲတန်ချိန် ငါးသိန်း အိန္ဒိယဝယ်မည်

0
22

ဧပြီ ၂
ဝေဝေဖြိုး

အိန္ဒိယအစိုးရက ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း မြန်မာ့ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲတီစိမ်းတန်ချိန် ငါးသိန်းကို ဝယ်ယူမည်ဖြစ်ကြောင်း မတ် ၃၀ ရက်က အိန္ဒိယ နိုင်ငံသက်ဆိုင်ရာဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံမှ မတ်ပဲတန်ချိန် တစ်သိန်းခွဲ၊ ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲ နှင့် ပဲစင်းငုံတန်ချိန် နှစ်သိန်းတို့ကို ယခုဘဏ္ဍာနှစ်အတွင်း ဝယ်ယူမည်ဖြစ်သော်လည်း မည်သည့်အချိန်မှစ၍ မည်သည့်အချိန် နောက်ဆုံးထား တင်သွင်းရမည်ကို ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းမြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

“ဒီနှစ်လဲ သူတို့မူဝါဒကို ထပ်ထုတ်ပြန်တဲ့သဘောပဲ ။ဘယ်ရက်ကစပြီးတင်သွင်းလို့ ဘယ်ရက် နောက်ဆုံးထားပြီး တင်သွင်းရမယ်ဆိုတာမျိုး သူတို့ရဲ့လုပ်ထုံးလုပ်နည်းတွေကတော့ မပါလာသေးဘူး။မနှစ်ကတော့ ဇွန်လကထွက်တယ် ထွက်ပြီးနောက်ပိုင်း ဆက်တိုက်ပါလာတာ အခုလဲ နောက်ဆက်တွဲတော့ ပါလာမယ်လို့ထင်ပါတယ်”ဟု ၎င်းကပြောသည်။

ယခင်နှစ်က အိန္ဒိယနိုင်ငံသို့ ပဲတင်သွင်းရာတွင် ဆန်စက်သမားများကိုသာ အဓိကထားခွင့်ပြုခဲ့ပြီးယခုနှစ်တွင် ဆန်စက်များအပြင် ဝယ်ရောင်းများကိုပါ ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ယခင်ရက်များက မတ်ပဲ ၁တန်ကို ၇၁၀၀၀၀ ခန့် နှင့် ပဲစင်းငုံ ၁ တန်ကို ၈ သိန်းခန့်ရှိခဲ့ရာမှ ယင်းကဲ့သို့ ထုတ်ပြန်လိုက်ခြင်းကြောင့် ဧပြီလ ၁ ရက်တွင် မတ်ပဲ ၁တန်ကို ၇၄၀၀၀၀ ခန့် ပေါက်ဈေးရှိခဲ့ပြီး ပဲစင်းငုံ ၁ တန်လျှင် ၈၄၀၀၀၀ ခန့် ပေါက်ဈေးရှိခဲ့သည်ဟုဆိုသည်။

“မထုတ်ပြန်ခင်ကလဲ မတ်ပဲက ၇သိန်းဝန်းကျင်လောက် ပဲစင်းငုံက ၈သိန်းဝန်းကျင်လောက်ရှိတယ်ဆိုတာက ပြည်တွင်းမှာ လက်ကျန် နည်းတဲ့အတွက်ရော ဝယ်လိုအား သူ့ဟာသူ အထိုက်အလျောက်ရှိတဲ့အတွက် ပဲဈေးက သူ့ဟာသူ ထိန်းပေးနေတာပါ။ ဒီရက်ထဲမှာ ထုတ်ပြန်လိုက်တော့ ဝယ်လိုအား များလာတဲ့အတွက် အနည်းငယ်ထပ် တက်လာတာပါ”ဟု ဦးမင်းကိုဦးက ပြောသည်။

ပဲစင်းငုံထွက်ရှိမှုသည် ယခင်နှစ်များက နှစ်စဉ် ပုံမှန် တန်ချိန် ၂ သိန်းခွဲခန့် ထွက်ရှိရာမှ ယခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် ပဲစင်းငုံမှာ တန်ချိန် ၅ သောင်းခန့်ဖြင့် ၃၀ ရာခိုင်နှုန်းခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းထားပြီး မတ်ပဲမှာ ပုံမှန် နှစ်စဉ် တန်ချိန် ၆သိန်းကျော်ထွက်ရှိရာမှ ယခုနှစ်တွင် တန်ချိန် ၃ သိန်းကျော်ခန့်သာ ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

အိန္ဒိယမှ ပဲစင်းငုံနှင့်မတ်ပဲဝယ်ယူမှုကို ၂၀၁၇ ခုနှစ် ဩဂုတ်မှ ၂၀၁၈ မတ်လကုန်အထိ ရပ်ဆိုင်းလိုက်ခြင်း ကြောင့် ပြည်တွင်း ပဲဈေးနှုန်းများ ကျဆင်းခဲ့ပြီး အိန္ဒိယအစိုးရက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ပဲစင်းငုံတန်ချိန် နှစ်သိန်း၊ မတ်ပဲတန်ချိန် တစ်သိန်းခွဲနှင့် ပဲတီစိမ်း တန်ချိန် တစ်သိန်းခွဲ တို့ကို ပြန်လည်ဝယ်ယူခဲ့သည်။

Leave a Reply