AA အဖွဲ့အကြောင်း မကောင်းရေးသည်ဟုဆိုကာ သတင်းဌာနများထံ ခြိမ်းခြောက်မှုများရှိနေ

0
77

ဧပြီ ၂
ပဉ္စမလှိုင်း

ရက္ခိုင့်တပ်မတော်(AA)အဖွဲ့အမည်ခံ၍ သတင်းမီဒီယာဌာနများ၏ Mail လိပ်စာများနှင့် လူမှုကွန်ရက်စာမျက်နှာ မက်စင်ဂျာများမှ ခြိမ်းခြောက်စာများ ပေးပို့မှုရှိနေသည်။

အဆိုပါခြိမ်းခြောက်စာများကို ဧပြီ ၁ရက် ညပိုင်းနှင့် ဧပြီ ၂ ရက်နေ့ နေ့လည်ပိုင်းအချိန်များတွင် စတင် ပေးပို့ခြင်းဖြစ်ကြောင်း ELEVEN မီဒီယာအယ်ဒီတာချုပ် ဦးကျော်ဇောလင်းက ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အမည်သုံးပြီး သတင်းမီဒီယာအပေါ်ကို ဒီလိုခြိမ်းခြောက်တာ သမိုင်းတစ်လျောက် ပထမဆုံးပဲ နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တော်လှန်ရေးမှာ တစ်ခါမှ မကြားဖူးဘူး”ဟု ဦးကျော်ဇောလင်းက ပြောသည်။

ဒီမိုကရေစီတူဒေးသတင်းစာ၊ ခေတ်သစ်အွန်လိုင်းမီဒီယာ အား ခြိမ်းခြောက်စာများ ပေးပို့ခဲ့သည့်အပြင် The Fifth Wave သတင်းဌာနသို့ ပေးပို့ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

“အကိုတို့ဆီကိုတော့ ဒီမိုကရေစီတူဒေးက ဒီလိုပို့တယ်ဆိုပြီး အသိပေးအကြောင်းကြားစာ ပို့ထား တယ်”ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အတွင်းရေးမှူးဦးကျော်စွာမင်းက ပြောသည်။

မတ်လ ၃၀ ရက်က The Fifth Wave သတင်းဌာန၏ Facebook Messenger တွင် ခြိမ်းခြောက်စာ ပေးပို့ခဲ့ပြီး ဧပြီ ၁ ရက်နေ့တွင် တစ်ကြိမ်ခြိမ်းခြောက်မှု ထပ်မံပြုလုပ်ခဲ့သည်။

ပဉ္စမလှိုင်းမီဒီယာအား မတ်လ ၃၀ ရက်က ‘ ငါတို့ကမဟုတ်တာမလုပ်ဘူး ရခိုင်ပြည်သူအတွက် လုပ်နေတာကွ မဟုတ်တာတွေကို နောက်တစ်ခါမတင်နဲ့ မင်းတို့ဌာန တစ်ခုလုံး ပျက်စီးချင်နေပြီလား၊ မင်းတို့မီဒီယာသမားတွေကို ထမင်းဝအောင်စားထား အလှည့်ကျရင် မနွဲ့စတမ်းပေါ့။ ရခိုင်ရိုးမတောင်ကနေ ကြိုဆိုနေယ်’ ဟုလည်းကောင်း ဧပြီ ၁ ရက်နေ့တွင်‘မင်းတို့ ရခိုင်တပ်မတော် မကောင်းကြောင်း မတင်နဲ့ ပြောနေတာ မရဘူး လား။ ဒါနောက်ဆုံးသတိပေးခြင်းပဲ တွေ့လာရင် မင်းတို့ စစ်တွေက သတင်းထောက်အလောင်းပဲ ပြန်ရမယ်မှတ်ပါ’ ဟုလည်းကောင်း ခြိမ်းခြောက်စာပေးပို့ခဲ့သည်။

သတင်းမီဒီယာ၏ တာဝန်သည် လူထုအားသတင်းထုတ်ပြန်ရခြင်းဖြစ်ပြီး သတင်းမီဒီယာများကို ခြိမ်းခြောက်ခြင်းသည် ပြည်သူကိုခြိမ်းခြောက်ခြင်းဖြစ်ကြောင်း ဦးကျော်စွာမင်းက သုံးသပ်သည်။

“ဒီလိုခြိမ်းခြောက်မှုမျိုးကို လက်မခံနိုင်ဘူး”ဟု ၎င်းက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သတ်၍ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရရှိပေ။

သတင်းမီဒီယာများ၊ နိုင်ငံတကာအချက်အလက် ရှာဖွေရေးအဖွဲ့များကို ရခိုင်ပြည်နယ်တွင်ဖြစ် ပျက်နေသော အမှန်တရားများကို စောင့်ကြည့်လေ့လာသတင်းယူရန် AA က ဖိတ်ခေါ်ကြောင်း မတ်လ ၂၉ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်တစ်စောင်အား တွေ့ရှိရသည်။

Leave a Reply